စက်လှေဖြင့် တိမ်းရှောင်သွားသည့် ဒေသခံများ၏ စက်လှေကို စစ်ကောင်စီတပ်က ပစ်ခတ်၍ စက်လှေနစ်မြှုပ်ပြီး (၅)ဦး ပျောက်ဆုံးနေ

စက်လှေဖြင့် တိမ်းရှောင်သွားသည့် ဒေသခံများ၏ စက်လှေကို စစ်ကောင်စီတပ်က ပစ်ခတ်၍ စက်လှေနစ်မြှုပ်ပြီး (၅)ဦး ပျောက်ဆုံးနေ
အောက်တိုဘာ 22, 2022 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း  စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသဖြင့် စက်လှေဖြင့် တိမ်းရှောင်သွားသော ဒေသခံများ စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ကာ စက်လှေနစ်မြှုပ်ပြီး (၅)ဦး ပျောက်ဆုံးနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM တပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

ယနေ့ အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များ မြင်းမူနယ်မှ ရွှေပေါက်ပင်ရွာသို့ တစ်ကြောင်း၊ ကျောက်ရစ်စခန်းမှ နနွန်းကိုင်း၊ ဆူးလေကုန်းနှင့် သနပ်ကုန်းရွာတို့သို့ တစ်ကြောင်း လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ် ပစ်ခတ်ဝင် ရောက်လာခဲ့ကြောင်း သိရသည်။

ကျောက်ရစ်ဘက်မှ ထွက်သော စစ်ကြောင်း သတင်းအရ ပြည်သူများ အချိန်မီ ရှောင်တိမ်းနိုင်လိုက်ကြသဖြင့် သေကြေ ထိခိုက်မှုမရှိခဲ့သော်လည်း ရွှေပေါက်ပင်ဘက်သို့ ဝင်လာသော စစ်ကြောင်းကြောင့် စက်လှေဖြင့်ထွက်ပြေးသော ‌ဒေသခံ (၆)ဦးပါသည့် စက်လှေအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး စက်လှေပေါ်တည့် တည့်ကျ၍ စက်လှေမှာ နစ်မြှုပ်ပျက်စီးကာ (၅)ဦးမှာလည်း ရေတွင် နစ်မြုပ်ပျောက်ဆုံးပြီး တစ်ဦးသာ အသက်ရှင်လျှက် တွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ကြောင်းမှာ ရွှေပေါက်ပင်ရွာအတွင်း ရှိနေပြီး ပြည်သူများမှာလည်း မိသားစုများနှင့်တစ်ကွဲတစ်ပြား ဘေးလွတ်ရာများသို့ ရှောင်တိမ်းနေကြရသည်ဟု သိရသည်။