ကွတ်ခိုင်မြို့နယ်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၃၉)လုံး မီးလောင်ပြာကျ၊ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း(၃၆၀၀)ကျော်ရှိ

ကွတ်ခိုင်မြို့နယ်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၃၉)လုံး မီးလောင်ပြာကျ၊ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း(၃၆၀၀)ကျော်ရှိ

 ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအကျော် ဟိုမော မန်နိမ်ကျေးရွာအုပ်စု မိုင်းလွမ်းရွာ (၁၂) မိုင်ဈေးတွင် မီးလောင်မှုကြောင့် အိမ်ခြေပေါင်း စုစုပေါင်း (၃၉)အိမ် မီးလောင်ပြာကျခဲ့ပြီး လူဦးရေ (၁၀၀)ကျော် မီးဘေးသင့်ခဲ့ကြောင်း သိရသည်။



အိမ်ဘေး အမှိုက်ပုံမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ၂၀၂၃ခုနှစ် ဧပြီ (၇)ရက် ည (၁၀)နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်မှုသော်လည်း မီးဘေးသင့်သူ (၁၀၀) ကျော်ကို ကျေးရွာ၏ စာသင်ကျောင်း၌ နေရာချပေးထားပြီး လက်ရှိမှာ စားသောက်ရန် စီစဉ်ပေးထားကြောင်း သိရသည်။





"စာသင်ကျောင်းရဲ့ ခေါင်မိုးလည်း မီးထဲ ပါသွားတယ်။ လူများတော့ စာသင်ကျောင်း ပြန်ပြင်ပြီးမှ အဲမှာဘဲ နေခိုင်းလိုက်တယ်။ တချို့လူတွေလည်း လမ်းဘေးမှာဘဲ တဲထိုးပြီး နေကြတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။





မီးလောင်ရာတွင် တိုက်အိမ်နှင့် ပျဉ်ထောင်အိမ် စုစုပေါင်း (၃၉)လုံးအပြင် ကား (၁)စီးနှင့် ဆိုင်ကယ် (၂)စီးလည်း မီးလောင်ထဲ ပါသွားရာ မီးလောင်မှုကြောင့် ဆုံးရှုံးတန်ဖိုး ခန့်မှန်မှာ ကျပ်သိန်းပေါင်း(၃၂၀၀)ကျော်ရှိကြောင်း သိရသည်။



နေအိမ်(၃၉)လုံးအထိ ကူးစက်လောင်သွားရခြင်းမှာ အဆိုပါဒေသသည် မီးသတ်ကား မြန်မြန်ဆန်ဆန်နှင့်အလွယ်တကူ ရောက်ရှိရန် လမ်းခရီးကြမ်းခြင်းကြောင့် မီးများကို အချိန်မီ မငြိမ်းသတ်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။







မီးလောင်ချိန် ဝိုင်းဝန်းကူညီပေးသူ နောက်ထပ် အမျိုးသားတစ်ဦးက



"ရွာသူကြီးက ဖုန်းဆက်လာတော့ ကျွန်တော်တို့လည်း မီးသတ်ကားခေါပြီး ချက်ချင်းတက်သွားတာဘဲ။ မမှီတော့ဘူး။ မီးသတ်ကလည်း မီးထပ်မပွားအောင်ဘဲ ဘေးပတ်ဝန်းကျင်ကို ရေးဖျန်းပေးခဲ့တယ်"ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီပေးသူ တစ်ဦးက ပြောသည်။



အလားတူ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင်လည်း ပြီးခဲ့သည့် ဧပြီ (၅)ရက်နေ့ကက နေအိမ် ( ၂ )လုံး မီးလောင်မှု ဖြစ်ပွားခဲ့သလို မတ်လတစ်လတာအတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း၌ မီးလောင်မှု စုစုပေါင်း (၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။