ထိုင်းနိုင်ငံ၌ လူသတ်မှုနှင့်မူးယစ်မှုတို့ဖြင့် သံသယ တရားခံအဖြစ် အမှုရင်ဆိုင်ခဲ့ရသည့် ထိုင်းနိုင်ငံသားတစ်ဦး တာချီလိတ်မြို့တွင် ရည်းစားနှင့်စကားများရာမှ ဓါးဖြင့် ထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၌ လူသတ်မှုနှင့်မူးယစ်မှုတို့ဖြင့် သံသယ တရားခံအဖြစ် အမှုရင်ဆိုင်ခဲ့ရသည့် ထိုင်းနိုင်ငံသားတစ်ဦး တာချီလိတ်မြို့တွင် ရည်းစားနှင့်စကားများရာမှ ဓါးဖြင့် ထိုးခံရပြီး သေဆုံး

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း 1G1 ဟိုတယ်အနီးရှိ နေအိမ်အခန်းငှားတစ်ခုတွင် ထိုင်း စုံတွဲ(၂)ဦး စကားများရန်ဖြစ်ပြီး ဓါးဖြင့်ထိုး၍ အမျိုးသားမှာ သေဆုံးသွားကြောင်းနှင့် သေဆုံးသူမှာ ထိုင်းနိုင်ငံတွင် လူသတ်မှုနှင့်မူးယစ်မှုတို့နှင့် ပတ်သက်၍ သံသယတရားခံအဖြစ် အမှုရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း 1G1 ဟိုတယ်အနီးရှိ နေအိမ်အခန်းငှားတစ်ခုတွင် ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က လူသတ်မှုဖြစ်ပွားခြင်းဖြစ်ရာ သေဆုံးသူမှာ ဝမ်းဗိုက်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ထိုင်းနိုင်ငံသား Mr Ton Aneksap သည် အသက် (၂၉)ရှိပြီဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ ဥတ္တရဒစ်ပြည်နယ်တွင် နေထိုင်သူဖြစ်ပြီး စကားများရန်ဖြစ်က ဓါးဖြင့်ထိုးသတ်သည်အထိ ဖြစ်ပွားခဲ့သည့် ထိုင်းအမျိုးသမီးမှာ ၎င်း၏ ရည်းစားဖြစ်သူဟု သိရပြီး အသက်(၂၈)နှစ်ရှိကာ ၎င်းသည် ထိုင်းနိုင်ငံ စမွတ်ပရာကန် တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ထိုင်းနိုင်ငံသား Mr Ton Aneksap သည် ထိုင်းနိုင်ငံ စမွတ်ပရာကန် တွင်  ၂၀၁၆ခုနှစ် နှင့် ၂၀၁၉ ခုနှစ်၊ ၂၀၁၈ခုနှစ်များ၌ လူသတ်မှု၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု နှင့် လောင်းကစားမှုတို့ဖြင့် သံသယတရားခံအဖြစ် အမှုရင်ဆိုင်ခဲ့ရသူ  ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်သဒ္ဓါပရဟိတအသင်းက ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး ဓါးဖြင့် ထိုးသည့် ထိုင်းအမျိုးသမီးကို တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးထားကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် များသောအားဖြင့် ထိုင်းနိုင်ငံဘက်မှ မူးယစ်ဆေးဝါးမှု နှင့် လူသတ်မှုများဖြင့် လာရောက်တိမ်းရှောင်သူ အများအပြားရှိနေပြီး ထိုင်းဘက် စစ်တပ်နှင့်ရဲတပ်ဖွဲ့က အလိုရှိတရားခံစာရင်းများကို နယ်ခြားကော်မတီ(TBC)ကနေ ပေးပို့လာပါက မြန်မာဘက်က တာချီလိတ်တွင် ၎င်းတို့ထံ သွားရောက်ပြီး ငွေကြေးညှိနှိုင်းမှုများ ပြုလုပ်ကာ အကာအကွယ်ပေးလေ့ရှိပြီး ညှိနှိုင်းမှုအဆင်မပြေပါက ဖမ်းဆီးကာ လဝကအက် ဥပဒေဖြင့် အရင်ဆုံးအရေးယူပြီးနောက် ထိုင်းဘက်သို့ ပြန်လွှဲပေးလေ့ရှိသည်။ 

 

Photo: တာချီလိတ်သဒ္ဓါပရဟိတအသင်း