တာလေမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ(၄)ဦး ဖမ်းမိ၊ ဖြစ်စဉ်တွင် စစ်တပ်မှ အရာရှိ ပါဝင် ပတ်သက်

ဗီယက်နမ်သူများ လိုက်ပါလာသည့် ကား
ဗီယက်နမ်သူများ လိုက်ပါလာသည့် ကား
တာလေမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ(၄)ဦး ဖမ်းမိ၊ ဖြစ်စဉ်တွင် စစ်တပ်မှ အရာရှိ ပါဝင် ပတ်သက်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် တာလေမြို့တွင် ပါဟုတ်ကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံကားလမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပြီး အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ(၄)ဦး ဖမ်းမိသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲနှင့်စစ်တပ်က ပေါင်းကြံကာ အထက်ဌာနသို့ လိမ်လည်တင်ပြကြောင်း နှင့် ငွေကြေးရယူမှုရှိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ  ၂၀၂၂ခုနှစ် ဇွန်လ(၂၉)ရက်နေ့  ည(၇)နာရီဝန်းကျင်အချိန် တာချီလိတ်ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကျော်လွန်ပြီး တာလေမြို့သို့ ရောက်ရှိလာသည့် ကားနှင့် နောက်ကားတစ်စီးတို့ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း ပါဟုတ်ကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံသွားကာလမ်းပေါ် အကွေ့တစ်နေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်ကျော်နှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာမှ ပြည်ဝင်ခွင့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ (၄)ဦးကိုပါ ကားပေါ်တွင် ယာဉ်တိုက်မှုကြောင့်ရရှိသည့် အသေးစားဒဏ်ရာများဖြင့် တွေ့ရှိပြီး ယာဉ်မောင်းမှာ စစ်တပ်မှ အရာရှိတစ်ဦးဖြစ်နေသည်ဟု သိရသည်။

ယာဉ်ပေါ်တွင် တွေ့ရသည့် ပြည်ဝင်ခွင့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ (၄)ဦးမှာ အသက်(၂၈)နှစ်အရွယ် လုံတိဟွေး၊ အသက်(၂၆)နှစ်အရွယ် လိုတိတွိုင်း၊ အသက်(၂၃)နှစ်အရွယ် ဒိုင်ထိဆွိုင်း နှင့် အသက်(၂၇)နှစ်အရွယ် လော်ထိထင်တို့ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်ကနေ ကားဖြင့် ခေါ်ဆောင်လာသူမှာ စစ်တပ်မှ အရာရှိတစ်ဦးဖြစ်နေ၍ အမှုဖွင့်ရေးကိစ္စကို အမှုဖွင့်ရေး မဖွင့်ရေး ညှိနှိုင်းနေကြပြီးနောက် ယာဉ်(၂)စီး တိုက်မှုကို အစဖျောက်လိုက်ပြီး လမ်းအကွေ့တွင် အရှိန်လွန်ပြီး ထိုးကျတိမ်းမှောက်သည်ဟု သတ်မှတ်ကာ ယာဉ်မောင်းမှာလည်း မိုင်းဖြတ်မြို့ ဝမ်ဟွေ့ရပ်ကွက်တွင် နေထိုင်သူ ပါစတာ(ခ)အာခါလေး ဖြစ်သည်ဟုဆိုသည်။

"ဖမ်းခံရတာက လာအိုသူလေးတွေ မဟုတ်ဘူး။ (၄)ယောက်စလုံးက ဗီယက်နမ်သူလေးတွေပါ။ အသက်က (၃၀)အောက်တွေပဲ။ ဗီယက်နမ်သူလေးတွေကို ခေါ်လာတဲ့ ယာဉ်မောင်းက တပ်က အရာရှိဖြစ်နေတော့ ဖြစ်စဉ်ကို ကြံဖန်လိမ်လည်တင်ပြလိုက်ကြတာပဲ။ အထက်ဌာနက လူကြီးဆိုသူတွေက စဉ်းစားဉာဏ်မှ မရှိတာ အောက်ခြေက ကြေးနန်းဘယ်လိုတင်ပြတင်ပြ ယုံတာပဲလေ။ ယာဉ်မောင်းက အာခါလေးတဲ့ သက်သက် ဆွဲထည့်လိုက်တဲ့ သဘောပဲဖြစ်မယ်။ ကားနှစ်စီးတိုက်တာ နောက်ကားတစ်စီးကလည်း အတော်လေး ပျက်စီးသွားတယ်။ သူတို့တွေ ဘယ်လို ညှိလိုက်ကြလဲမသိဘူး အဲ့ဒီကားတစ်စီး အစပျောက်သွားတယ်။ သူတို့တွေ ဒီဖြစ်စဉ် အမှန်ကို ဖုံးကွယ်ထားကြတယ်။ အစက အထက်ကို ကြေးနန်းမတက်တော့ဘူး အမှုမဖွင့်တော့ဘူးလိုလို လုပ်ပြီးမှ သူတို့အချင်းချင်း ဝေစုမတည့်လို့ထင်တယ် အမှုဖွင့်လိုက်ပေမဲ့ ယာဉ်မောင်းက အာခါလေး လို့ လုပ်လိုက်ကြတယ်။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့  ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ဝင်ခွင့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ (၄)ဦး နှင့် ယာဉ်မောင်းဟုဆိုသည့် မိုင်းဖြတ်မြို့တွင်နေထိုင်သူ  ပါစတာ(ခ)အာခါလေးတို့အား ဒုလဝကမှူးာက တရားလိုပြုလုပ်ပြီး တာလေနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၂၊ လဝကအက် - ၁၃/(၁)၊ ၁၃(၅)ဖြင့် အမှုဖွင့်ထားသလို ယာဉ်တိုက်မှုနှင့် ပတ်သက်၍လည်း တာလေနယ်မြေရဲစခန်းတွင်(ပ)၆/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၂၀၂ တို့ဖြင့်လည်း အမှုဖွင့်ထားသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် အထောက်အထားမဲ့ တရုတ်၊ ထိုင်း နှင့် ဗီယက်နမ်နိုင်သူ နိုင်ငံသားများ များစွာရှိနေသလို တာလေမြို့၏ ရွှေတူးဖော်ရေးလုပ်ငန်းနေရာများတွင်လည်း တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသားများ များစွာရှိနေရာတွင် တာလေ မှ တာချီလိတ်သို့ အသွားအလာများနှင့်ပတ်သက်၍ တာလေ နှင့် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တို့မှ လဝက၊ ရဲ၊ စစ်တပ် အပါအဝင် ပူးပေါင်းအဖွဲ့များကို ငွေကြေးများပေးရသည်ဟု သိရသည်။