ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံထီးကြီးကို ဟောင်ကောင်တိရိစ္ဆာန်ရုံတွင် ညင်သာစွာ သတ်ပစ်

အသက်(၃၅)နှစ်အရွယ်ရှိ ပန်ဒါဝက်ဝံကြီး
အသက်(၃၅)နှစ်အရွယ်ရှိ ပန်ဒါဝက်ဝံကြီး
ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံထီးကြီးကို ဟောင်ကောင်တိရိစ္ဆာန်ရုံတွင် ညင်သာစွာ သတ်ပစ်
ဇူလိုင် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံထီးကြီး ဟောင်ကောင်တိရိစ္ဆာန်ရုံတွင် သေဆုံး

ဟောင်ကောင် အပန်းဖြေဥယျာဥ်တိရိစ္ဆာန်ရုံရှိ ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံထီးကြီး ဇူလိုင်လ (၂၁) ရက်နေ့က သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

An An ဟု အမည်ပေးထားပြီး အသက်(၃၅)နှစ်အရွယ်ရှိ ပန်ဒါဝက်ဝံကြီး ၎င်း၏ ကျန်းမာရေးအခြေအနေအရ ညင်သာစွာ သတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အသက်သည် အသက် (၁၀၅) နှစ်အထိ ရှင်သန်နေထိုင်သော လူသားတစ်ဦး၏ အသက်နှင့်ညီမျှသည်ဟု ဆိုသည်။

ပန်ဒါဝက်ဝံကြီးမှာ လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်းကစပြီး တဖြည်းဖြည်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီးနောက် ၎င်းကို ညင်သာစွာ သတ်ပစ်ရန်ဆုံးဖြတ်ခဲ့ရသည်ဟု ဟောင်ကောင် Ocean Park မှ တာဝန်ရှိသူများက ပြောသည်။ 

An An ကို ၎င်း၏အဖော် Jia Jia နှင့်အတူ တရုတ်ဗဟိုအစိုးရက ဟောင်ကောင်သို့ လက်ဆောင်အဖြစ် ၁၉၉၉ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပန်ဒါဝက်ဝံကြီး An An က တဖြည်းဖြည်း အစာမစားမှု လျော့နည်းလာခဲ့ပြီး အဖတ်မစားနိုင်တော့သည်အထိ ဖြစ်ခဲ့ပြီးနောက် ရေနှင့် ဖျော်ရည်များကိုသာ သောက်တော့ကြောင်း Ocean Park တာဝန်ရှိသူတွေက ပြောသည်။ 

ပန်ဒါဝက်ဝံကြီးကို ပြုစုစောင့်ရှောက်သူများကလည်း ဝက်ဝံကြီးမှာ လှုပ်ရှားမှုနည်းလာပြီး အိပ်နေချိန်များလာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးတွင် အပန်းဖြေဥယျာဥ် တာဝန်ရှိသူများက အသက်အရွယ်ကြီးလှပြီဖြစ်သည့် ပန်ဒါဝက်ဝံကြီးကို ခံစားမှုသက်သာစေရန် ညင်သာစွာ သတ်ပစ်မည်ဟု ဆုံးဖြတ်ခဲ့ရကြောင်း ဇူလိုင်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ 

ပန်ဒါဝက်ဝံကြီး An An ကို တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် An An နှင့်အတူ ဟောင်ကောင်ကို ရောက်ရှိလာခဲ့သည့် ၎င်း၏အဖော် ပန်ဒါဝက်ဝံမကြီး Jia Jia မှာ ၂၀၁၆ ခုနှစ်က ၎င်း၏အသက် (၃၆) နှစ်အရွယ်တွင် သေဆုံးခဲ့သည်။ 

Jia Jia ကလည်း တိရိစ္ဆာရုံတွင်ထားရှိသည့် အသက်အကြီးဆုံး ပန်ဒါဝက်ဝံမကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ဟောင်ကောင်ရှိ Ocean Park တွင် Ying Ying နှင့် Le Le ဟု အမည်ပေးထားသော နောက်ထပ် ပန်ဒါဝက်ဝံ (၂) ကောင်ရှိနေသေးကြောင်း သိရသည်။

ပန်ဒါဝက်ဝံများ၏ သက်တမ်းမှာ တောတွင်း၌ (၂၀) နှစ်အောက်ဖြစ်သော်လည်း တိရိစ္ဆာန်ရုံများတွင် ထိန်းသိမ်းထားရှိပါက သက်တမ်းပိုရှည်နိုင်သည်။ 

တရုတ်နိုင်ငံက ပန်ဒါဝက်ဝံများကို နိုင်ငံတော်ရတနာတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း ကမ္ဘာတဝန်း နိုင်ငံရေးမိတ်ဆွေဖွဲ့ရန် နည်းလမ်းတစ်ခုအဖြစ် ၎င်းတို့ကို အခြားနိုင်ငံများသို့ ငှားရမ်းလေ့ရှိကြောင်း သိရသည်။

Source: BBC