TNLA ၏ ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီလက်အောက်ခံ ဌာနများက သင်္ကြန်ပွဲ ကျင်းပရန် ပြင်ဆင်နေ

TNLA ၏ ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီလက်အောက်ခံ ဌာနများက သင်္ကြန်ပွဲ ကျင်းပရန် ပြင်ဆင်နေ
ဧပြီ 6, 2023 | ရှမ်းမြောက်

 တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နမ့်ဆန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာများက သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၆)ရက်နေ့အထိ သင်္ကြန်မဏ္ဍပ်(၄)ခုအထိ ဆောက်လုပ်ထားကြောင်း သိရသည်။

"မဏ္ဍပ်က လုပ်ထားတာ အကြီးကြီးဘဲ။ အခုတောင် အကတွေ တိုက်နေကြတာ။ ထွေအုပ်က လူတွေရော။ ကြည့်ရတာ ဌာနတိုင်းဘဲ ထင်တယ်။ ဆိုင်ခန်းတွေလည်း လုပ်ထားကြပြီ။"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။



 

နမ့်ဆန်မြို့တွင်း ကားလမ်း၊ ဘောလုံးကွင်းဟောင်း၊ ဗိုလ်ကြီး သန်းထွန်းစက်ရုံ စသည့်နေရာများတွင် သင်္ကြန်မဏ္ဍပ်များ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ဌာနဆိုင်ရာ Non-CDM များအနေဖြင့် CDM လုပ်ကြရန် တအာင်းတပ်မတော် (PSLF/TNLA)က တိုက်တွန်းထားသော်လည်း နမ့်ဆန်တွင် ယခုလို သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီနှင့် ဌာနဆိုင်ရာများက ပေါ်တင် လုပ်ဆောင်နေကြသည်။

"အဓိက သူတို့ လုပ်လို့ရတယ်ဆိုတာက ဒေသဦးစီးတွေနဲ့ တာဝန်ရှိသူတွေ ခွင့်ပြုထားလို့လေ။ Non-CDM တွေ များလို့လည်း ပါတယ်။ နမ့်ဆန်က လူတွေက နိုင်ငံရေးရေချိန် သုညဘဲ ရှိတာကိုပြတာ" ဟု နမ့်ဆန်မြို့မှ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ 

စစ်ကောင်စီနှင့် ဌာနဆိုင်ရာများ ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းသည် စစ်တပ်အင်အား ပြချင်တာနှင့် မြို့နယ်အတွင်း တည်ငြိမ်သည်ဆိုတာကို ပြချင်သည့်အတွက် ကျင်းပကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် အပေါင်းအပါများ  ကျင်းပကြမည့် ပျော်ပွဲရွှင်ပွဲကို ပြည်သူလူထုအနေနှင့် မပါဝင်ကြဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA)၏ ပြင်ပဆက်ဆံရေးတာဝန်ခံကလည်း ပြောဆိုထားဖူးသည်။

TNLA ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်ဆန်မြို့တွင် ယခုလို ပျော်ပွဲလုပ်ရန် ပြင်ဆင်မှုအပေါ်  PSLF/TNLA ၏ ပြောရေးဆိုခွင့်ရှိသူအပြင် သတင်းနှင့်ပြန်ကြားရေးဌာနသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ပေ။

နမ့်ဆန်မြို့နယ်၌ ကိုဗစ်ရောဂါနှင့် စစ်တပ် အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော် ကျင်းပမှုကို ရပ်ဆိုင်းထားပြီး ယခုနှစ်မှာမှ ပြန်လည်ကျင်းပရန် လုပ်ဆောင်နေခြင်းဖြစ်သည်။