ရှမ်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေသည့် ကိုးကန့် MNDAA က လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိ

Photo: The Kokang
Photo: The Kokang
ရှမ်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေသည့် ကိုးကန့် MNDAA က လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိ

 ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်း  အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများအား ယမန်နေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ကိုးကန့် MNDAA က နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ကို ထပ်မံ သိမ်းဆည်းရမိကြောင်း သိရသည်။

ယမန့်နေ့က  အထူးဒေသ(၁)မုံးကိုးခရိုင်အတွင်း တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးအချက်ရေ ထောင်ဂဏန်းနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Kokang သတင်းက ဖေါ်ပြထားသည်။

ယင်းအပြင် ကိုးကန့် MNDAA ၏ မန်ရန်တပ်စခန်းကို လေကြောင်းမှပါ ပစ်ကူ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာအတွင်း လက်နက်ကြီးကျည်ကျပြီး နေအိမ် (၂)လုံး ပျက်စီးသွားကြောင်း သိရသည်။

မန်ရန်တပ်စခန်းကို ထိုးစစ်ဆင်မှုအား ပြန်လည်ခုခံနိုင်ခဲ့သဖြင့် အာဏာသိမ်းစစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖြစ်နေရာများအား MNDAA က ရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းတပ်သည် ယမန်နေ့က ကိုးကန့် MNDAA ၏ မန်ရန်တပ်စခန်း၊ ချင်ချိုင့်ထန်တပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် မန်ကန်၊ နမ့်ဟရွာအနောက်ရှိ ညောင်ပင်ကြီး၊ ဖူလုံအတောက်ရှိ တောင်ကုန်းတို့တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံးကိုးဒေသအတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့နှင့် နိုဝင်ဘာလ (၂၀) ရက်နေ့များကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများအား ရှင်းလင်းစဉ် အာဏာသိမ်းစစ်တပ်မှ စွန့်ပစ်သွားသည့် လက်နက်ခဲယမ်းများကို MNDAA က အများအပြား သိမ်းဆည်းရမိခဲ့သည်ကိုလည်း တွေ့ရသည်။

ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနက် ကိုးကန့် MNDAA တစ်ခုတည်းကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း