ကျောက်မဲမြို့တွင် ယာဉ်နောက်လိုက် တစ်ဦးတွင် Covid-19 တွေ့

ကျောက်မဲမြို့တွင် ယာဉ်နောက်လိုက် တစ်ဦးတွင် Covid-19 တွေ့
အောက်တိုဘာ 4, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ယာဉ်နောက်လိုက် တစ်ဦးတွင် Covid-19 တွေ့ 
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့သို့ ဖြတ်သန်းမည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာသော ကုန်တင်ယာဉ်များတွင် ပါလာသူများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့မှစ၍ ကျောက်မဲမြို့အဝင်တွင် Rapid Test Kit ဖြင့် စစ်ဆေးပေးနေရာ အောက်တိုဘာလ (၄)ရက်နေ့ ညနေပိုင်း၌ ယာဉ်နောက်လိုက် (၁) ဦးတွင် Covid-19 တွေ့ရှိကြောင်း သိရသည်။
“ဒီနေ့ (၁၄) ယောက်ကို စစ်ဆေးပါတယ်။ မိတ္ထီလာကလာတဲ့ ယာဉ်တစ်စီးပေါ်က ယာဉ်နောက်လိုက်(၁)ဦးကို စစ်ဆေးရာမှာ ပိုးတွေ့တဲ့ အတွက် ခရိုင်ပြည်သူ့ဆေးရုံ က Isolation Ward မှာ ထည့်ထားလိုက်ပါပြီ “ဟု  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောက်မဲ ဒုတိယခရိုင်ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရှမ်းပြည်နယ်တွင်း ဝင်လာသည့် ကုန်တင်မော်တော်ယာဉ်များအား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ လားရှိုးမြို့အဝင်၊ မူဆယ်မြို့အဝင်၊ ချင်းရွှေဟော်မြို့အဝင်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပေးပို့သည့် Rapid Test Kit ဖြင့် အခမဲ့စစ်ဆေးပေးနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးပေးရာတွင် အောက်တိုဘာလ (၃)ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်း ဘန့်ဘွေးတိုးဂိတ်အနီး ပိတ်မိနေသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၇၇)ဦးနှင့် အောက်တိုဘာလ (၄)ရက်နေ့တွင် (၁၄)ဦးတို့ကို စစ်ဆေးပေးရာ (၁)ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ပြည်နယ်ပြင်ပမှ ကုန်တင်ယာဉ်များ ဝင်လာပါက COVID 19 စစ်ဆေးရမည်ဖြစ်ပြီး ပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များ ပြည်နယ်ပြင်ပထွက်ခွာခွင့်ကို ယာယီကန့်သတ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~