၁၀၂၇ စစ်ဆင်ရေးကို  KNPP ထောက်ခံ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံး အရှိန်မြှင့်ပါဝင်လာကြရန် တောင်းဆို

၁၀၂၇ စစ်ဆင်ရေးကို  KNPP ထောက်ခံ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံး အရှိန်မြှင့်ပါဝင်လာကြရန် တောင်းဆို
အောက်တိုဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးဖြင့် အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေမှုကို ကြိုဆိုထောက်ခံကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ၊ လူထုတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရေး၊ နယ်မြေထိန်းချုပ်ရေး၊ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းရန် ဟန့်တားရေး၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနှင့် စစ်အာဏာရှင်နှင့် အပေါင်းအပါတို့ ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်နှိမ်နင်းရေးသည် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဖိနှိပ်ခံပြည်သူတို့မှ လိုလားပြီး ထောက်ခံအားပေးသော လုပ်ဆောင်ချက်ဖြစ်သောကြောင့် ၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံတဝှမ်းလုံးရှိ ခုခံတော်လှန်သူ အင်အားစုများအတွက် များစွာခွန်အားဖြစ်စေသည်ဟု ဆိုသည်။

KNPP အနေဖြင့် ကရင်နီပြည်နယ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်လည်းကောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို စုပေါင်းခေါင်းဆောင်မှုဖြင့် အောက်ခြေမှစ၍ အုတ်မြစ်ချ တည်ဆောက်နေသည်ဟု ထုတ်ပြန်ထားသည်။

သို့ရာတွင် စစ်ကောင်စီမှ နိုင်ငံရေးနယ်ပယ်တွင် ရှိနေသ၍ မိမိတို့လိုလားသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်နိုင်မည်မဟုတ်သဖြင့် ရှေ့ဦးစွာ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ဖယ်ရှားရေးသည် အခရာကျသည်ဟု ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ၊ မိဘပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝန်းများတို့မှ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေး၊ စစ်ရေးနှင့် ပိတ်ဆို့မှုအရ တပြိုင်တည်း ဝိုင်းဝန်း ခုခံတွန်းလှန်မည်ဆိုပါလျှင် စစ်အာဏာရှင်စနစ် မလွဲဧကန် ကျဆုံးမည်ဖြစ်ပြီး မိမိတို့၏ နိုင်ငံရေး ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုရင်း ကျန်ရှိနေသေးသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အားလုံးတို့မှလည်း အရှိန်မြှင့် ပါဝင်လာကြရန် အလေးအနက် ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency