ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များဝင်ပစ် စရဖရုံးကို ဝင်စီးနိုင်ခဲ့

ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များဝင်ပစ် စရဖရုံးကို ဝင်စီးနိုင်ခဲ့
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ရင်း(၃၀)စခန်းနှင့် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတို့ကို ယနေ့ နံနက်(၄)နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကျော်ကြာ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

“ကျွန်တော်တို့က စရဖရုံးကို ခြေမှုန်းမယ်ဆိုပြီး သွားတယ်။ ရဲစခန်းကုန်းက ကူညီပေးခဲ့တာကြောင့် ရဲစခန်းကုန်းကိုပါ ပြန်ပြီးတုန့်ပြန်ခဲ့တာပါ။ သွားတုန်းကတော့ ရဲစခန်းကို တိုက်ခိုက်ဖို့မပါဘူး။ သူတို့ဘာသာနေရင် ပြန်ပြီးတုန့်ပြန်ဖို့မရှိပါဘူး။”ဟု ၎င်းကပြောသည်။ 

စရဖရုံးကို KIA ပူးပေါင်း PDF တပ်များက သွားရောက်တိုက်ခိုက်စဉ် စရဖရုံး အနီးရှိ ရဲတပ်ရင်း (၃၀)ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ခြင်းကြောင့် အဆိုပါရဲတပ်ရင်းကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ စရဖရုံးကိုဝင်တဲ့အချိန်မှာ ရဲတပ်ရင်း(၃၀)ဘက်ကနေ ခြိမ်းခြောက်တဲ့အနေနဲ့ လက်နက်ကြီး (၃)လုံးပစ်တယ်။ ကျွန်တော်တို့ဘက်ကိုတော့ မဟုတ်ဘူး။ အရှေ့ကိုပစ်လိုက်၊ အနောက်ပစ်လိုက်နဲ့ အထိတ်တလန့်ဖြစ်အောင် ပစ်တာမျိုးပါ။ လက်နက်ကြီးက ပြည်သူတွေရှိတဲ့နေရာကို ကျပြီး နေအိမ်နဲ့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရတယ်လို့တော့ကြားတယ်။ ကျွန်တော်တို့ ကွင်းဆင်းမကြည့်ရသေးဘူး။”ဟု ၎င်းကဆက်ပြောသည်။

စရဖရုံးအား ဝင်ရောက်ပစ်ခတ်ပြီးနောက် စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းမရှိသော်လည်း ရုံးပိုင်းဆိုင်ရာ အချက်အလက်များကို သိမ်းဆည်းရရှိခဲ့ပြီး ရုံးသည် အရပ်သားနေအိမ်များနှင့် နီးကပ်နေခြင်းကြောင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိဟု ၄င်းကဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များဘက်က ကား(၃)စီးဖြင့် ရောက်ရှိလာပြီး တန်ပြန်တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးတပ်များက အသင့်နေရာယူထားခြင်းကြောင့် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ရှိတွင် ကချင်ပြည်နယ် KPDFတပ်များက ဆိုင်းတောင်ရှိ ဒေသခံများကို စစ်ကောင်စီတပ်များနှင့် အတူသွားလာခြင်းမပြုလုပ်ရန် နေရာအနှံ့တွင် သတိပေးစာစောင်(၃၀၀)ဝန်းကျင် ဖြန့်ဝေထားသည်ဟု ဆိုသည်။

“တော်လှန်ရေးကို အရှိန်မြှင့်မှာမို့ ပြည်သူတွေ ထိခိုက်မှုရှိမှာစိုးလို့ပါ။ ပြည်သူကို ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ ပြည်သူကို ထိခိုက်မှာစိုးလို့ သတိပေးတဲ့အနေနဲ့ နေရာအသီးသီးမှာ ဖြန့်ဝေတာပါ။”ဟု KPDFတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစာတွင် စစ်ကောင်စီတပ်သား၊ ရဲများနှင့် အတူသွားလာနေထိုင်ခြင်းမပြုလုပ်ရန်၊ မြို့တွင်း၌ မသင်္ကာဖွယ် မျက်နှာစိမ်းများ တွေ့ရှိလျှင် သက်ဆိုင်ရာနယ်မြေခံအဖွဲ့အစည်းများထံ သတင်းပို့ရန်နှင့် အရေးပေါ်အခြေအနေများ ကြုံတွေ့ရပါက စပ်စုခြင်း၊ သတင်းယူခြင်းများ လုံးဝမပြုလုပ်ပဲ အန္တရာယ်နှင့် အဝေးဆုံးနေရာသို့ ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency