အမေရိကန်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ (၁၀) ဦး သေဆုံး

အမေရိကန်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ (၁၀) ဦး သေဆုံး
By Mr John

အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတစ်လျှောက် ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် မတ်လ (၃၁) ရက် နှင့် ဧပြီလ (၁) ရက် အစောပိုင်းအထိ မုန်တိုင်းများနှင့် လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး မိုးလေဝသအခြေအနေ ဆိုးရွားခဲ့မှုအတွင်း အနည်းဆုံး လူ (၁၀) ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်းနှင့် အခြားလူများမှာ ၎င်းတို့၏‌ နေအိမ်များတွင် ပိတ်မိနေကြောင်း သိရသည်။

စီးပွားရေးနှင့် အရေးပါသည့် အခြေခံအဆောက်အအုံများမှာ မုန်တိုင်းနှင့် လေဆင်နှာမောင်းကြောင့်  ထိခိုက်ပျက်စီးခဲ့ပြီး ဒေသစံတော်ချိန် ဧပြီလ (၁) ရက် မွန်းလွဲပိုင်းအထိ မိုးလေဝသအခြေအနေ ဆိုးရွားနေခဲ့သည်ဟု ဆိုသည်။

မတ်လ (၃၁) ရက်နေ့က အမေရိကန်တွင် အာကင်ဆက်ပြည်နယ် အပါအဝင် အနည်းဆုံး ပြည်နယ် (၆) ခု၌ လေဆင်နှင်မောင်း (၅၀) ကျော် တိုက်ခတ်ခဲ့ပြီး အာကင်ဆက်ပြည်နယ်တွင် မုန်တိုင်းများကြောင့် လူ (၃) ဦး သေဆုံးခဲ့ရာ Wynne မြို့ငယ်လေးတွင် (၂) ဦးနှင့် North Little Rock မြို့တွင် တစ်ဦးဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများက ပြောသည်။ 

အင်ဒီယာနာပြည်နယ်တွင်လည်း မတ်လ (၃၁) ရက် ညပိုင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ (၃) ဦး သေဆုံးခဲ့ပြီး အိမ်များနှင့် Sullivan မြို့အနီးရှိ စေတနာ့ဝန်ထမ်း မီးသတ်ဌာနတစ်ခု ထိခိုက်ပျက်စီးခဲ့သည်။ 

အာကင်ဆင်ပြည်နယ် Pulaski ကောင်တီရှိ ဆေးရုံများသို့ အနည်းဆုံး လူ (၅၀) ကို ပို့ဆောင်ခဲ့ရသည်။

အလာဘားမားပြည်နယ် Pontotoc ကောင်တီတွင်လည်း မတ်လ (၃၁) ရက် ညပိုင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရအရာရှိများက ဧပြီလ (၁) ရက် နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြုခဲ့သည်။ 

တင်နက်ဆီပြည်နယ် Covington မြို့တွင်မူ မတ်လ (၃၁) ရက်နေ့က လေဆင်နှာမောင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် လူ (၅) ဦး ဆေးရုံတင်ထားရကြောင်း Baptist Memerial Health Care ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ပဏာမ သတင်းအချက်အလက်များအရ အီလီနွိုက်စ်ပြည်နယ်တွင် လေဆင်နှာမောင်း (၂၂) ခု၊ အိုင်အိုဝါတွင် (၈) ခု၊ တင်နက်ဆီတွင် (၄) ခု၊ ဝစ်ကွန်ဆင်တွင် (၅) ခုနှင့် မစ္စစ္စပီတွင် လေဆင်နှာမောင်း (၂) ခု ဖြတ်သန်းတိုက်ခတ်သွားခဲ့ကြောင်း သိရသည်။

 

ထို့အတူ အာကင်ဆင်ပြည်နယ်တွင်လည်း Little Rock ဧရိယာတွင် အပါအဝင် အနည်းဆုံး လေဆင်နှာမောင်း (၁၂) ခု တိုက်ခတ်ခဲ့သည်။

အမေရိကန်အရှေ့တောင်ပိုင်းတွင် မိုးလေဝသအခြေအနေ ဆိုးရွားမှုကြောင့် အနည်းဆုံး လူ (၂၆) ဦး သေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာ မတ်လ (၃၁) ရက်နေ့တွင် တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတစ်လျှောက် ပြင်းထန်သည့် မုန်တိုင်းနှင့် လေဆင်နှာမောင်းတိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ 



Source: CNN, Reuters

Photo: Doug McSchooler/AP, Cheney Orr/Reuters, Stephen Swofford/Arkansas Democrat-Gazette/AP,