အမေရိကန်စစ်တပ်၏ ရဟတ်ယာဥ် (၂) စီး လေ့ကျင့်ပျံသန်းရင်း တိုက်မိ ပျက်ကျခဲ့မှုကြောင့်  (၉) ဦး သေဆုံး

အမေရိကန်စစ်တပ်၏ ရဟတ်ယာဥ် (၂) စီး လေ့ကျင့်ပျံသန်းရင်း တိုက်မိ ပျက်ကျခဲ့မှုကြောင့်  (၉) ဦး သေဆုံး
By Mr John

အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်တွင် စစ်တပ်၏ Black Hawk ရဟတ်ယာဥ် (၂) စီး ပုံမှန်ပြုလုပ်နေကျ ညပိုင်း လေ့ကျင့်ပျံသန်းစဥ် တိုက်မိပြီး ပျက်ကျခဲ့မှုအတွင်း စစ်သား (၉) ဦး သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ၂၀၂၃ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြောသည်။ 

 

အမေရိကန်စစ်တပ်၏ 101st Airborne Division မှ HH-60 Black Hawk ရဟတ်ယာဥ် (၂) စီးကို စစ်သားများက ညကြည့်မျက်မှန်များတပ်ဆင်၍ လေ့ကျင့်ပျံသန်းနေစဥ် ကင်တက်ကီပြည်နယ် Trigg ကောင်တီ ကောင်းကင်ယံတွင် တိုက်မိခဲ့ပြီးနောက် မတ်လ (၂၉) ရက် ညပိုင်း၌ ကွင်းပြင်တစ်ခုအတွင်း ပျက်ကျခဲ့ကြောင်း သိရသည်။

ရဟတ်ယာဥ် (၂) စီး ပျက်ကျမှုနှင့် ပတ်သက်၍ အနည်းအကျဥ်းမျှသာ သိရှိထားသေးပြီး တစ်စီးနှင့်တစ်စီး တိုက်မိခဲ့ခြင်းဟုတ် မဟုတ်ကိုပင် အတိအကျ မသိထားသေးကြောင်း 101st Airborne Division ၏ စစ်ဆင်ရေးဆိုင်ရာ ဒုတပ်မှူး ဗိုလ်မှူးချုပ် John Lubas က ပြောခဲ့သည်။ 

ရဟတ်ယာဥ် (၂) စီးပေါ်ရှိ  အချက်အလက်များကို သုံးသပ်စစ်ဆေးရန် အလာဘားမားပြည်နယ် Fort Rucker စစ်စခန်းမှ လေယာဥ်ဘေးကင်းလုံခြုံရေး စုံစမ်းစစ်ဆေးမှုအဖွဲ့တစ်ဖွဲ့က ဒေသစံတော်ချိန် မတ်လ (၃၀) ရက် နှောင်းပိုင်းတွင် ရောက်ရှိလာမည်ဟု Lubas က ဆိုသည်။

"အခုအချိန်မှာ ကျွန်တော်တို့ မသိသေးပါဘူး။ Fort Rucker က အဖွဲ့ ရောက်လာပြီး ရဟတ်ယာဥ်တွေပေါ်က ကွန်ပျူတာကနေ အချက်အလက်အချို့ ထုတ်ယူစစ်ဆေးနိုင်တဲ့အချိန်ကျရင်တော့ အတိအကျ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိရှိနိုင်ပါမယ်" ဟု ဗိုလ်မှူးချုပ် Lubas က သတင်းထောက်များကို ပြောခဲ့သည်။ 

ပျက်ကျခဲ့သည့် ရဟတ်ယာဥ်တစ်စီးတွင် စစ်သား (၅) ဦး လိုက်ပါသွားပြီး နောက်တစ်စီးတွင် စစ်သား (၄) ဦးပါရှိကြောင်းနှင့် ၎င်းတို့အားလုံး ညကြည့်မျက်မှန်များ တပ်ဆင်အသုံးပြုထားကြောင်း Lubas က ဖြည့်စွက်ပြောသည်။

HH-60 မှာ Black Hawk ရဟတ်ယာဥ်အမျိုးအစား၏ ပုံစံကွဲတစ်ခုဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရေးနှင့် ဆေးကုသမှုအတွက် ရွှေ့ပြောင်းသယ်ဆောင်ရေး အပါအဝင် စစ်ဆင်ရေးအမျိုးမျိုးအတွက် ထောက်ပံ့ကူညီပေးရန် ပုံစံထုတ်ထားခြင်း ဖြစ်သည်။ 

101st Airborne Division အခြေစိုက်ရာ Fort Campbell စစ်တပ်အခြေစိုက်စခန်းမှာ အမေရိကန်တွင် အကြီးဆုံး စစ်တပ်အခြေစိုက်စခန်းများနက် တစ်ခုဖြစ်သည်။ 

၂၀၁၈ ခုနှစ်က Fort Campbell တွင် လေ့ကျင့်ပျံသန်းစဥ် ရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့မှုအတွင်း အမေရိကန်စစ်သား (၂) ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

Source: Reuters

Photo: WKDZ Radio,