ယူကရိန်းတောင်ပိုင်းဒေသအတွင်း   ရုရှားက ဒုံးကျည်များဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်မှုကြောင့် အရပ်သား (၁၇) ဦး သေဆုံး

ယူကရိန်းတောင်ပိုင်းဒေသအတွင်း   ရုရှားက ဒုံးကျည်များဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်မှုကြောင့် အရပ်သား (၁၇) ဦး သေဆုံး
အောက်တိုဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းတောင်ပိုင်းဒေသအတွင်း Zaporizhzhia မြို့တွင် ရုရှားတပ်ဖွဲ့က ဒုံးကျည်များဖြင့် နောက်ထပ် တိုက်ခိုက်မှုကြောာင့် အနည်းဆုံး အရပ်သား (၁၇) ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

အောက်တိုဘာလ (၈) ရက် ညပိုင်းတွင် ရုရှားက ဒုံးကျည်များ တိုက်ခိုက်မှုအတွင်း လူဦးရေ ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်းနှင့် လူနေအဆောက်အအုံများ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

Zaporizhzhia မြို့မှာ ပြီးခဲ့သည့်လအတွင်း ရုရှားနိုင်ငံက ၎င်းတို့ သိမ်းပိုက်လိုက်ပြီဟု ကြေညာခဲ့သော နယ်မြေ (၄) ခုအနက်မှတစ်ခု၏ မြို့တော်လည်းဖြစ်ပြီး ထိုမြို့ကို ယူကရိန်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံ၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေတို့ကို သိမ်းပိုက်ခဲ့ပြီး ထိုနယ်မြေများမှာ ရုရှားပိုင်နက်များဖြစ်ကြောင်း ကြေညာခဲ့သည်။

ယူကရိန်းတောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ၎င်းတို့ သိမ်းပိုက်ခဲ့သော နယ်မြေများကို ယူကရိန်းတပ်ဖွဲ့များက ပြန်လည်းသိမ်းပိုက်နေပြီး စစ်ရေးအရ ရှုံးနိမ့်နေသည့် ရုရှားတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်မှုအဖြစ် အရပ်သားပစ်မှတ်များဖြစ်သော မြို့ပြဧရိယာများကို တိုက်ခိုက်လာခဲ့ရာ မကြာသေးမီ သီတင်းပတ်များအတွင်း Zaporizhzhia မြို့ကို ဒုံးကျည်များ အကြိမ်ကြိမ် ထိမှန်ခဲ့သည်။ 

အောက်တိုဘာလ (၆) ရက်နေ့ အစောပိုင်းကလည်း ထိုမြို့ရှိ လူနေတိုက်ခန်းကို ရုရှားဒုံးကျည် ထိမှန်ခဲ့မှုကြောင့် အထပ် (၅) ထပ်ပါ အဆောက်အအုံ ပြိုကျသွားခဲ့ အနည်းဆုံး အရပ်သား (၃) ဦး သေဆုံးခဲ့သည်။

Zaporizhzhia မြို့မှ မိုင် (၃၀) ခန့်အကွာရှိ နျူးကလီးယားဓာတ်အားပေးစက်ရုံ အပါအဝင် Zaporizhzhia နယ်မြေ၏ အစိတ်အပိုင်းများကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု အစောပိုင်းကတည်းက သိမ်းပိုက်ထားခဲ့သည်။ 

Zaporizhzhia နယ်မြေ၏ အုပ်ချုပ်ရေးမှူး Oleksandr Starukh ၏ ပြောကြားမှုအရ ရုရှားဒုံးကျည် (၁၂) စင်း ထိမှန်မှုကြောင့် အထပ် (၉) ထပ်ပါ အဆောက်အအုံတစ်လုံးနှင့် အခြား လူနေအဆောက်အအုံ (၅) လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

"အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနိုင်သေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်။ လူ (၈) ဦးကို ကယ်ထုတ်ခဲ့ပြီးပါပြီ" ဟု ၎င်းက Telegram တွင် ရေးသားထားသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ယခုတိုက်ခိုက်မှုမှာ ငြိမ်းချမ်းနေသည့် ပြည်သူများကို အကြင်နာကင်းမဲ့စွာ နောက်တစ်ကြိမ် တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source: BBC, Reuters