ထိုင်းနိုင်ငံ ဖူးခက်တွင် ကြွက်သားကြုံလှီရောဂါရှိသည့် အမျိုးသမီးတစ်ဦး နေအိမ်တွင် အိမ်မွေးခွေးကိုက်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဖူးခက်တွင် ကြွက်သားကြုံလှီရောဂါရှိသည့် အမျိုးသမီးတစ်ဦး နေအိမ်တွင် အိမ်မွေးခွေးကိုက်ခံရပြီး သေဆုံး
By Mr John

ထိုင်းနိုင်ငံ ဖူးခက်တွင် ကြွက်သားကြုံလှီရောဂါရှိသည့် အမျိုးသမီးတစ်ဦး နေအိမ်တွင် အိမ်မွေးခွေးကိုက်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်တွင် ကြွက်သားကြုံလှီရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦး နေအိမ်တွင် ခွေးကိုက်ခံရပြီး  သေဆုံးနေသည်ကို ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက် နံနက်ပိုင်းက တွေ့ရကြောင်း သိရသည်။

နေအိမ်တွင် တစ်ဦးတည်းကျန်ခဲ့သည့် အဆိုပါအမျိုးသမီးကို သူငယ်ချင်းဖြစ်သူက ဖုန်းဆက်ရာ ဖုန်းမကိုင်သဖြင့် နေအိမ်သို့ လိုက်လာရာမှ အိမ်ရှေ့တံခါးအပြင်ဘက်တွင် သေဆုံးနေသည်ကို တွေ့ခဲ့ရသဖြင့် ခရီးထွက်နေသည့် မိသားစုထံ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်အိမ်တည်း အတူနေ အစ်ကိုဖြစ်သူ မွေးထားသည့် Thai ridgeback အမျိုးအစား ခွေးနှစ်ကောင်ကို  အစာကျွေးစဉ် ချော်လဲရာမှ ခွေးများက ထိတ်လန့်ပြီး ကိုက်လိုက်ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

 

အဆိုပါ နေအိမ်တွင် သေဆုံးသူ အမျိုးသမီးအပါအဝင် မိသားစုဝင်(၄)ဦး နေထိုင်ကြခြင်းဖြစ်ပြီး ကျန်(၃)ဦးက ဘန်ကောက်သို့ ရောက်ရှိနေချိန်တွင် ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သေဆုံးသည့် အမျိုးသမီးမှာ ကျောရိုးနေရာမှ ကြွက်သားကြုံလှီသည့် ရောဂါရှိသူဖြစ်ပြီး ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲသူဖြစ်ကာ လဲကျသေဆုံးနေသည့် အဆိုပါအမျိုးသမီး၏ လည်ပင်းတွင် ခွေးကိုက်ဒဏ်ရာကို တွေ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

အသက် တစ်နှစ်ကျော် နှစ်နှစ်ဝန်းကျင် ခွေးနှစ်ကောင်ကို လွန်ခဲ့သည့် ငါးလဝန်းကျင်က ဝယ်ယူမွေးမြူထားခြင်းဖြစ်ပြီး အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးချိန်တွင် ခွေးတစ်ကောင်၏ အမွှေးနှင့် ပါးစပ်တဝိုက်၌ သွေးစများတွေ့ရသည်ဟု သိရသည်။

လက်ရှိတွင် သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး နေအိမ်မှ လုံခြုံရေးကင်မရာမှတ်တမ်းကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေသည်ဟု သိရသည်။

Source: Bangkok Post