ဂျပန်ကုမ္ပဏီဖြစ်သည့်  ENEOS စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မည်

ဂျပန်ကုမ္ပဏီဖြစ်သည့်  ENEOS စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မည်
By Mr John

 ဂျပန်စွမ်းအင်ကုမ္ပဏီကြီး ENEOS Holdings က စစ်တပ်၏ အာဏာသိမ်းမှုကို ခံထားရသည့် မြန်မာနိုင်ငံကနေ  စီမံကိန်းလုပ်ငန်းကို ရုပ်သိမ်းသွားမည်ဟု ယနေ့ ၂၀၂၂ခုနှစ် မေလ (၂) ရက်နေ့ တွင် ပြောသည်။

ထိုင်းနှင့် မလေးရှားမှ မိတ်ဖက်ကုမ္ပဏီများက မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများ ရုပ်သိမ်းတော့မည်ဟု ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ENEOS ကလည်း ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။



ENEOS သည် မြန်မာနိုင်ငံမှ ပြန်ထွက်မည့် နောက်ဆုံး စွမ်းအင်ကုမ္ပဏီကြီးလည်း ဖြစ်လာသည်။ ENEOS ကုမ္ပဏီအုပ်စုတွင် ပါဝင်သည့် JX Nippon Oil & Gas Exploration ကုမ္ပဏီက မြန်မာနိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို ဂျပန်အစိုးရနှင့် Mitsubishi Coporation တို့နှင့် ပူးပေါင်းလုပ်ကိုင်နေသည်ဟု ဆိုသည်။

ဆယ်စုနှစ် နှစ်ခုကြာ လုပ်ကိုင်လာခဲ့သည့် အဆိုပါ သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ENEOS ၏ စီမံကိန်းကုမ္ပဏီ Nippon Oil Exploration က ရှယ်ယာ (၁၉.၃) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။



"ရဲတံခွန်သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ နည်းပညာပိုင်းအရ အကဲဖြတ်မှုပေါ်အခြေခံသည့် စီမံကိန်းစီးပွားရေးနဲ့ လူထုကိစ္စများ အပါအဝင် နိုင်ငံရဲ့ လက်ရှိအခြေအနေကို ထည့်သွင်းစဥ်းစားပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် JX အနေနဲ့ လုပ်ငန်းပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ENEOS က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ENEOS ၏ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက လတ်တလော မှတ်ချက်မပေးကြောင်း AFP သတင်းက ပြောသည်။



မလေးရှားနိုင်ငံမှ Petronas နှင့် ထိုင်းနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး PTTEP တို့ကလည်း မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများ ပြန်ရုပ်သိမ်းတော့မည်ဟု ဧပြီ (၂၉) ရက်နေ့တွင် အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြသည်။

Petronas ၏ ကုမ္ပဏီခွဲ Carigali က ရဲတံခွန်ဘာဝဓာတ်ငွေ့စီမံကိန်းတွင် ရှယ်ယာ (၄၁) ရာခိုင်နှုန်းနှင့် PTTEP က (၁၉.၃) ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြကြောင်း သိရသည်။  



မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁) ရက်နေ့၌ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ကန့်ကွက်သူတွေကို နိုင်ငံတဝန်း ဖိနှိပ်ဖြိုခွဲနေခဲ့သည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ယခုအချိန်အထိ စစ်တပ်က သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁,၈၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူ ၁၃,၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။



စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်သစ်နိုင်ငံမှ Total Energies စွမ်းအင်ကုမ္ပဏီကနေ  British American Tobacco စီးကရက်ကုမ္ပဏီနှင့် နော်ဝေနိုင်ငံမှ Telenor ဆက်သွယ်ရေးကုမ္ပဏီအထိ နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ ပြန်ထွက်သွားခဲ့ကြသည်။

ထို့အတူ ဂျပန်ဘီယာကုမ္ပဏီ Kirin ကလည်း စစ်တပ်ပိုင်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် ၎င်း၏ လုပ်ငန်းကို ရုပ်သိမ်းသွားခဲ့သည်။

ဂျပန်သည် မြန်မာကို စီးပွားရေးအကူအညီ အဓိက ပေးနေသည့် နိုင်ငံဖြစ်ပြီး ဂျပန်အစိုးရက မြန်မာစစ်တပ်နှင့် ကာလရှည်ကြာ ဆက်ဆံရေးရှိထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဂျပန်က စစ်တပ်နှင့် ရဲတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုများ မလုပ်ဆောင်ခဲ့သော်လည်း နောက်ထပ် အကူအညီအသစ်များ အားလုံးကို ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။



Source: AFP