COVID-19 ကူးစက်မှုကြောင့် တရုတ်မြို့တော် ဘေဂျင်းတွင် မြေအောက်ရထားနှင့် ဘတ်စ်ကား ခရီးစဥ်အများအပြားကို ရပ်ဆိုင်း

Photo:  REUTERS/Carlos Garcia Rawlins
Photo: REUTERS/Carlos Garcia Rawlins
COVID-19 ကူးစက်မှုကြောင့် တရုတ်မြို့တော် ဘေဂျင်းတွင် မြေအောက်ရထားနှင့် ဘတ်စ်ကား ခရီးစဥ်အများအပြားကို ရပ်ဆိုင်း
By Mr John

တရုတ်မြို့တော် ဘေဂျင်းတွင် COVID-19 ကူးစက်ခြင်းများ ပျံ့နှံ့နေမှု ရပ်တန့်စေရန် ဆောင်ရွက်နေရာ မေလ (၄) ရက်နေ့တွင် မြေအောက်ရထားနှင့် ဘတ်စ်ကား ခရီးစဥ်အများအပြားကို ရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။

COVID-19 ကူးစက်မှုတွေကြောင့် တင်းကျပ်စွာ lockdown သတ်မှတ်ထားမှု တစ်လကျော် ကြာပြီဖြစ်သည့် ရှန်ဟိုင်းမြို့ကဲ့သို့ အခြေအနေမျိုးကို ရှောင်လွှဲနိုင်ရန် ဘေဂျင်းအာဏာပိုင်တွေက ကြိုးပမ်းနေကြခြင်း ဖြစ်သည်။



ဘေဂျင်းမြို့တွင် မြေအောက်ရထားစနစ်၏ (၁၂) ရာခိုင်နှုန်းခန့်ဖြစ်သည့် ဘူတာရုံ (၆၀) ကျော်နှင့် ဘတ်စ်ကားလမ်းကြောင်း (၁၅၈) ခုကို ပိတ်ထားမည်ဟု သက်ဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီတွေက ပြောသည်။

ပိတ်ထားမည့် ရထားဘူတာရုံနှင့် ဘတ်စ်ကားလမ်းကြောင်း အများစုမှာ ဘေဂျင်းတွင် ကူးစက်မှုဗဟိုချက်နေရာဖြစ်နေသည့် Chaoyang ခရိုင်အတွင်းဖြစ်ကြောင်း သိရသည်။



တစ်ရက်လျှင် ကူးစက်မှုအသစ် ဒါဇင်နှင့်ချီ တွေ့ရှိနေသည့် ဘေဂျင်းမြို့တွင် အပြည့်အဝ lockdown လုပ်ရခြင်းမရှိစေရန် ကြိုးပမ်းနေပြီး အစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးခြင်းဖြင့် ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိမည်ဖြစ်ပြီး ကူးစက်ပျံ့နှံ့မသွားမီ သီးခြားခွဲထားရန် မျှော်လင့်ထားသည်။

လူဦးရေ (၂၂) သန်းရှိသည့် ဘေဂျင်းမြို့တွင် ကျောင်းများ၊ စားသောက်ဆိုင်များ၊ ကိုယ်ကာယလေ့ကျင့်ရေးခန်းမများနှင့် ဖျော်ဖြေရေးနေရာများအပြင် ကူးစက်မှုအန္တရာယ်မြင့်မားသည့် ဧရိယာအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် လူနေအဆောက်အအုံ အချို့ကိုလည်း ပိတ်ပင်ထားသည်။



ဘေဂျင်းမြို့၏ ခရိုင် (၁၆) ခုအနက် (၁၂) ခုတွင် ဒုတိယအကျော့ COVID-19 စစ်ဆေးမှုများ ယခုသီတင်းပတ်အတွင်း လုပ်ဆောင်ခဲ့သည်။ ထိုသို့ စစ်ဆေးမှုကို တတိယအကျော့ လုပ်ဆောင်သွားရန်လည်း စီစဥ်ထားသည်။ တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင်လည်း ကူးစက်မှုများ ရပ်တန့်သွားခြင်းမရှိသေးဘဲ lockdown သတ်မှတ်ထားမှု အဆုံးသတ်ရန် မရှိသေးဟု ဆိုသည်။



၂၀၁၉ ခုနှစ် နှောင်းပိုင်းက ဝူဟန်မြို့တွင် စတင်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးတွင် တရုတ်အစိုးရ၏ တင်းမာပြင်းထန်စွာ စီမံဆောင်ရွက်နေခြင်းက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာကုမ္ပဏီများကို ထိခိုက်စေကြောင်း နောက်ဆုံး ခန့်မှန်းချက်များနှင့် အချက်အလက်များက ဆိုသည်။



တရုတ်အလယ်ပိုင်းရှိ လူဦးရေ (၁၂.၆)သန်း နေထိုင်ကြသည့် Zhengzhou မြို့နှင့် Apple ကုမ္ပဏီ၏ iPhone ထုတ်လုပ်သော Foxconn တို့က လာမည့် သီတင်းပတ်နှောင်းပိုင်းအထိ အကျုံးဝင်မည့် နေအိမ်ကနေ အလုပ်လုပ်ရန်နှင့် အခြား COVID-19 ကန့်သတ်ချက်များကို မေလ (၃) ရက်နေ့တွင် ကြေညာခဲ့သည်။

တရုတ်တွင် အလားတူ lockdown ကန့်သတ်ချက် ထုတ်ပြန်ထားသည့် မြို့ကြီး အရေအတွက် ဒါဇင်နှင့်ချီရှိနေကြာင်း သိရသည်။



Source: Reuters