စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာပြီး ပြည်သူများ ဘက်စုံကျပ်တည်းမှုကို အလူးအလဲခံစားနေရဟု PSLF/TNLA က FPNCC တွင် ပြောကြား

Photo: PSLF/TNLA
Photo: PSLF/TNLA
စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာပြီး ပြည်သူများ ဘက်စုံကျပ်တည်းမှုကို အလူးအလဲခံစားနေရဟု PSLF/TNLA က FPNCC တွင် ပြောကြား

 စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် မြန်မာပြည်၏ ပြည်တွင်းနိုင်ငံရေးအခြေအနေမှာ ပိုမိုရှုပ်ထွေးလာပြီး ပြည်သူများဘက်စုံကျပ်တည်းမှုကို အလူးအလဲခံစားနေရကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က ပြောဆိုလိုက်သည်။

"ဝ"ပြည်နယ်၊ ပန်ခမ်းမြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အစည်းအဝေး ကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၅)ရက်နေ့မှ (၁၆ )ရက်နေ့ အထိ ပြုလုပ်ခဲ့ရာ PSLF/TNLA  ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ၎င်းတို့၏ သဘောထားကို ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိနိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး မိမိအဖွဲ့အစည်းရဲ့ သဘောထားအမြင်ကို အကျဉ်းချုပ်တင် ပြလိုပါတယ်။ မထင်မှတ်ဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မြန်မာပြည်ရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေဟာ ပိုမိုရှုပ်ထွေးလာပြီး လူထုအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာဖြစ်တဲ့ လူမှုရေး၊ လုံခြုံရေးနဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ အခြေအနေအောက်မှာ ပြည်တွင်း စစ်ပိုမိုပြင်းထန်ကျယ်ပြန့်လာတဲ့အတွက် ပြည်သူလူထုမှ ဘက်စုံကျပ်တည်းမှုကို အလူးအလဲခံစားနေရပါတယ်။"ဟု ‌၎င်းကပြော ကြားခဲ့သည်။

ဒါ့အပြင် လက်ရှိတွင် မြေပြန့်ဒေသဘက်၌ နေ့စဉ်ရက်ဆက် မြေပြင်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုစစ်ဆင်ရေးလုပ်ဆောင်နေသည့်အတွက် လူထု၏ ရပ်ရွာနေအိမ်များစွာ မီးလောင်ပျက်စီးကာ နေ့စဉ် ဖမ်းဆီးညှင်းပမ်းသတ်ဖြတ်ခံရသည့် အခြေအနေတွင် ရှိနေပြီး နှစ်ပေါင်း (၆၀)ကျော်အတွင်း မြေပြန့်ဒေသ၌ မကြုံဖူးသည့် စစ်ဘေးရှောင်ပြည်သူ သိန်းနှင့်ချီကာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဆက်ပြောသည်။

တချို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ နေရာဒေသများတွင်လည်း တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး ကျန် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းဒေသတွင်လည်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေသည်ကို မြင်တွေ့ရကြောင်း PSLF/TNLA ၏ သဘောထားကို ပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို PSLF/TNLA ကိုယ်စားလှယ်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဗိုလ်မှူးချုပ် တားခူးလာန်း၊ ဗိုလ်မှူးချုပ် တားဟိုပလန် (စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးကြီး တားလိုမ်စော်မျာတ် (CEC အဖွဲ့ဝင်၊ အခွန်များဦးစီးဌာနမှူး)၊ ဒုဗိုလ်မှူးကြီး တားပါင်လ (တွဲဖက်အတွင်းရေးမှူး ၂)၊  ဗိုလ်မှူး သန်းထွန်း (ရုံးအရာရှိ)၊ ဗိုလ်အဘမ်း (ရုံးအရာရှိ)တို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။