ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို‌ တော်လှန်ရေးတပ်များတိုက်ခိုက်နေ

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို‌ တော်လှန်ရေးတပ်များတိုက်ခိုက်နေ
အောက်တိုဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော ကြာအင်းကုန်း၊ တံတားဦးနှင့် ရုံးကုန်းနေရာများကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာများကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် နေအိမ်များ ထိမှန်ပျက်စီးမှုရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို အတည်ပြုသည်။

“အခုထိပစ်နေတုန်းပဲ။ အခြေနေက တံတားဦးဘက်ကလူတွေ ထွက်မရဘူးကြားတယ်။ တံတားဦး တောင်ပေါ် ကျောင်းဘက်မှာပစ်တယ်လို့ သိရတယ်။ တံတားဦးဘက်ကလူတွေလည်း ထိထားတယ်ကြားတယ်။”ဟု ကော့ကရိတ်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး(၃)လုံးဖြင့် အံဖကြီးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ နေအိမ်(၅)လုံး ထိမှန်ပြီး (၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၄)ရက်နေ့ကလည်း ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသဖြင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူပေးခဲ့သည်။

#TachileikNewsAgency

Photo : စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပုံ