နိုင်ငံအတွင်း  ပဋိပက္ခ ချုပ်ငြိမ်းရေး တရုတ်၏ ကြားဝင်မှုကို FPNCC ကြိုဆို 

FPNCC ၏ ပုံဟောင်းဖြစ်သည်။ [ Photo: FPNCC ]
FPNCC ၏ ပုံဟောင်းဖြစ်သည်။ [ Photo: FPNCC ]
နိုင်ငံအတွင်း  ပဋိပက္ခ ချုပ်ငြိမ်းရေး တရုတ်၏ ကြားဝင်မှုကို FPNCC ကြိုဆို 

 

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က ထုတ်ပြန်သည်။



“၀”ပြည်နယ် ပန်ခမ်းမြို့တွင် ၂၀၂၃ခုနှစ် မတ်လ (၁၅) ရက် မှ (၁၆) ရက်နေ့အထိ (၂)ရက်တာ ကျင်းပခဲ့သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) လုပ်ငန်းအစည်းအဝေးအပြီးထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် အဖွဲ့ဝင် (၇) ဖွဲ့ဖြစ်သော “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းအရှေ့ အထူးဒေသသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) တို့ မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

တက်ရောက်ခဲ့ကြသည့် အဖွဲ့ဝင် အဖွဲ့အစည်းတိုင်းကလည်း Covid-19 ကပ်ရောဂါကာလ အတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် သဘောထားပြည့်ဝစွာဖြင့် နှောင်ကြိုးမဲ့အကူအညီများ ပေးအပ်ခဲ့သော တရုတ် အစိုးရကို ကျေးဇူးအထူးတင်ရှိပြီး Covid-19 ကပ်ရောဂါ ကာလအလွန်တွင်လည်း တရုတ် အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေးလူမှုရေး နှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင် သွားကြမည်ဟု ဆိုသည်။

အခြားသောအဖွဲ့အစည်းများမှ Covid-19  ရောဂါကာကွယ်ထိန်းချုပ်ရေး၊ တားဆီးရေး၊ ကုသရေးလုပ်ငန်းအတွက် ကူညီထောက်ပံ့မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုးမြင့်ဖြစ်ပေါ်လာသော ပြည်တွင်း ပဋိပက္ခများနှင့် Covid-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်က ဖြစ်ပွားခဲ့သော ပြည်တွင်းပြည်ပ ရေးရာများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အဖွဲ့တစ်ဖွဲ့ချင်းစီ၏ အဖွဲ့အစည်းအတွင်း တည်ဆောက်မှုအခြေအနေများအဖွဲ့ အစည်းတိုင်းက အလေးထားသော အကြောင်းကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးဆွေးနွေးနိုင်ခဲ့ ကြသည်ဟု သိရသည်။

မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ရေးအတွက် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟုလည်း ပြောဆိုထားသည်။