အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ကိုးကန့်၊ မုံးကိုနှင့် မူပန်တို့တွင် တိုက်ပွဲဖြစ်ပွား

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ကိုးကန့်၊ မုံးကိုနှင့် မူပန်တို့တွင် တိုက်ပွဲဖြစ်ပွား
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်ခရိုင်၊ မုံးကိုးခရိုင်နှင့် မူပန်ခရိုင်(သိန္နီ‌)နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA တို့ကြား  တိုက်ပွဲများဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်က အကြိမ်ကြိမ်ထိုးစစ်ဆင်နေသည့် MNDAA ၏မန်ရန်တပ်စခန်းကိုလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း သိရသည်။

ကိုးကန့်ခရိုင်အတွင်း ရှင်းတန်ဒေသရှိ ကိုးကန့်(MNDAA) တပ်မဟာ ၃၁၁ တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်တိုက်ခိုက်သဖြင့် MNDAA က စစ်ကောင်စီတပ်ကို ပေါ်ပေါ်ကြိုင်ရွာတွင် ပိတ်ဆို့ခဲ့ရာ နှစ်ဘက်အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။



ယင်းအပြင် မုံးကိုးခရိုင်ရှိ လိုဂူရှေးဟောင်းငါးကန်နှင့် မူပန်ခရိုင်(သိန္နီ‌)မောင်လီအရှေ့တောင်ဘက်တို့တွင်လည်း အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အာဏာသိမ်းစစ်တပ်က မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို ဩဂုတ်လကတည်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။