တာချီလိတ် ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း စနက်တံမီးမရှို့ထားသည့် မကွဲသေးသော ဗုံးတစ်လုံး တွေ့ရှိ

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း စနက်တံမီးမရှို့ထားသည့် မကွဲသေးသော ဗုံးတစ်လုံး တွေ့ရှိ
မေ 18, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း စနက်တံမီးမရှို့ထားသည့် မကွဲသေးသော  ဗုံးတစ်လုံးကို ယနေ့ မေလ(၁၈)ရက်နေ့တွင် တွေ့ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၁၈)ရက်နေ့ နေ့လည်ပိုင်းက  ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း ကျွတ်ကျွတ်အိတ်ဖြင့် ထည့်ထားသည့် မကွဲသေးသော ဗုံးအားတွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားရာမှ အာဏာသိမ်းစစ်တပ်၏ စစ်သားများနှင့်ရဲများက လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးရုံးမှာ ဗုံးတစ်လုံးတွေ့တယ်ကြားတယ်၊ မကွဲသေးတဲ့ဗုံးတဲ့ ပြီးတော့ ဗုံးရဲ့ စနက်တံက မီးမရှို့ထားဘူး၊ စနက်တံကို မီးမရှို့ထားတဲ့ဗုံး ကြွတ်ကြွတ်အိတ်နဲ့ထည့်ပြီး ပစ်ထားတာလို့ ပြောတယ်။ စစ်သားတွေနဲ့ ရဲတွေ အများကြီး လာကြည့်ကြတာ။ ပထမတော့ လူကြီးလမ်းကြောင်းရှိတယ်ထင်တာ။ နောက်မှ  ဗုံးတွေ့လိုဆိုပြီး သိရတာ။

ဟု အဆိုပါ ပါတီရုံးအနီးနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် မေလအတွင်း၌ အနည်းဆုံး နေရာပေါင်း (၇)နေရာအထက်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။