သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ် ခမရ(၃၅၅)နှင့် ရဲစခန်းကို တော်လှန်ရေးတပ်များသိမ်းပြီး ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်

သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ် ခမရ(၃၅၅)နှင့် ရဲစခန်းကို တော်လှန်ရေးတပ်များသိမ်းပြီး ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ်၏ ခမရ(၃၅၅)၊ ရဲစခန်းကို သိမ်းပိုက်ပြီး ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ခမရ(၃၅၅)တပ်ရင်းကို ယမန်နေ့ ၂၀၂၄ ခုနှစ် မတ်လ (၈)ရက်နေ့တွင် သိမ်းပိုက်ရရှိပြီး သင်္ကန်းညီနောင်ရဲစခန်းကို ယနေ့ မတ်လ (၉)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

"၃၅၅ ရပြီ၊ သင်္ကန်းညီနောင်ရဲစခန်းရပြီ။ အခုဗျူဟာကုန်းကို ဆက်တိုက်နေတယ်၊ ဒီနေ့ရဖို့များတယ်။ လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာကျော် သိမ်းဆည်းရမိထားတယ်။ စကစ စစ်သားအားလုံးနီးပါး စခန်းစွန့်ခွာပြေးတာများတယ်။ ဒေသခံအထိအခိုက်ရှိတယ်၊ (၄)ဦးသေပြီး (၁၀)ဦးလောက်ထိခိုက်ဒဏ်ရာရတယ်။ ကိုယ့်လူအထိအခိုက်အကျဆုံးလည်း အနည်းငယ်ရှိတယ်။"ဟု မြေပြင်ရှိ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းများကို KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက် စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့မှစတင်ပြီး ယနေ့ မတ်လ (၉)ရက်နေ့အထိ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကူမပို့နိုင်တော့ဘဲ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူသာလုပ်ဆောင်နေကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ခမရ(၃၅၅)တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် (၃၅၆)တပ်ရင်းနှင့် ပေါင်းကာ  (၃၅၇)တပ်ရင်းမှ ခုခံနေသည်ဟု သိရသည်။

#TachileikNewsAgency