အာဏာသိမ်း စစ်ကောင်စီတပ်က ဒီးမော့ဆိုအရှေ့ခြမ်းကို လေကြောင်းဖြင့် တိုက်ခိုက်လာခြင်းကြောင့် စစ်ဘေးရှောင်များ ထပ်မံ ရွေ့ပြောင်းနေရ

  Photo: KMIC
  Photo: KMIC
အာဏာသိမ်း စစ်ကောင်စီတပ်က ဒီးမော့ဆိုအရှေ့ခြမ်းကို လေကြောင်းဖြင့် တိုက်ခိုက်လာခြင်းကြောင့် စစ်ဘေးရှောင်များ ထပ်မံ ရွေ့ပြောင်းနေရ
မတ် 12, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းကို ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များ တိုက်ပွဲအတွင်း အထိနာခဲ့ရသဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် စစ်ဘေးရှောင်များ ထပ်မံရွှေ့ပြောင်းနေရကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့ ၏ ညနေ(၅)နာရီဝန်းကျင်တွင် ဒီးမော့ဆိုအရှေ့ခြမ်း ဒေါသဲရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် (၃)ကြိမ် လာရောက် ပစ်ခတ်သွားကြောင်း သိရသည်။

ပထမအကြိမ်တွင် လေယာဉ်ပါ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ ဒုတိယအကြိမ်တွင် ဗုံးသီးများချသွားခဲ့ကာ တတိယအကြိမ်တွင် စက်သေနတ်တို့ဖြင့် ထပ်မံ ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

မတ်လ(၁၀)ရက်နေ့က ဒေါသဲရွာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ သေဆုံးဒဏ်ရာရသူများပြားခဲ့သဖြင့်   လေကြောင်းဖြင့် လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ(၁၁)ရက်တွင်ပင် ဒီးမော့ဆိုအရှေ့ခြမ်း၊ ဒေါညေးခူရွာတွင် စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို မြို့နယ်ပြောက်ကျားတပ်တို့  ရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်သည် နေအိမ် (၂)လုံးမီးရှို့ဖျက်ဆီခဲ့ကြောင်း သိရသည်။