ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာအုပ်စုဖက်ကို အာဏာသိမ်းစစ်တပ်က(၃)ရက်မြောက် ထိုးစစ်ဆင်နေ

ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာအုပ်စုဖက်ကို အာဏာသိမ်းစစ်တပ်က(၃)ရက်မြောက် ထိုးစစ်ဆင်နေ
စက်တင်ဘာ 3, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ် နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ခေါင်အိကျေးရွာအုပ်စုဖက်သို့ အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်၍ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က နံနက် (၉) နာရီဝန်းကျင်ကတည်းကစ၍ တစ်နေကုန် ဆက်တိုက်နီးပါး လက်နက်ကြီး ပစ်ခတ်နေခဲ့ခြင်းဖြစ်ပြီး စစ်အင်အားလည်း တိုးချဲ့နေသည်ကို တွေ့ရသည်။

စက်တင်ဘာလ (၁) ရက်နေ့မှစတင်ဖြစ်ပွားသော တိုက်ပွဲများတွင် အင်အား (၃၀၀) ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ယနေ့တွင် အင်အား (၅၀၀) ကျော်ဖြင့် စစ်အင်အားဖြည့်တင်းလျက်ရှိသည့် အာဏာသိမ်းစစ်တပ်ကို KNDF နှင့် ဖယ်ခုံ PDF တို့က အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ခေါင်းအိကျေးရွာအုပ်စုဖက်သို့ စက်တင်ဘာလ (၁) ရက်နေ့ကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး စက်တင်ဘာလ (၂) ရက်နေ့တွင် နံနက် (၇) နာရီမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများနှင့်အတူ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်တပ်ဘက်တွင် ထိခိုက်ဒဏ်ရာရသူ (၁၀) ဦးထက်မနည်းရှိမည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ခန့်မှန်းထားသည်။