ရှမ်းမြောက် မြို့ ၃မြို့ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် ဟိုင်ဂင်သဘောတူညီချက် အကောင်အထည်ဖေါ်ရန် ခက်ခဲနိုင်

Photo:MALNgeanq ပုံအညွှန်း - PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် အဖွဲ့အား နမ့်ခမ်းမြို့အုပ်ချုပ်ရေးကော်မတီဝင်များ၊မြို့မိမြို့ဖများနှင့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း နမ့်ခမ်းမြို့တွင် တွေ့ရစဉ်
Photo:MALNgeanq ပုံအညွှန်း - PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် အဖွဲ့အား နမ့်ခမ်းမြို့အုပ်ချုပ်ရေးကော်မတီဝင်များ၊မြို့မိမြို့ဖများနှင့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း နမ့်ခမ်းမြို့တွင် တွေ့ရစဉ်
ရှမ်းမြောက် မြို့ ၃မြို့ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် ဟိုင်ဂင်သဘောတူညီချက် အကောင်အထည်ဖေါ်ရန် ခက်ခဲနိုင်
By Tachileik News Agency

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် ရှမ်းမြောက်ရှိ မြို့(၃)မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းသည် ဒေသခံပြည်သူများအား ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်ပြီး ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည်ဖေါ်ရန် ခက်ခဲနိုင်မည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ၂၀၂၄ခုနှစ် မတ်လ (၆)ရက်နေ့တွင် သဘောထား ထုတ်ပြန်သည်။



မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ မြို့များအနက် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့တို့ကို စစ်အုပ်ချုပ်ရေးကြေညာသည်ဟု နယ်မြေလက်လွှတ်ထားရသည့် စစ်ကောင်စီက မတ်လ (၄)ရက်နေ့တွင် ကြေညာလိုက်ခြင်းအပေါ် မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် -MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နှင့် ရက္ခိုင့်တပ်တော် -AA တို့က မတ်လ (၆)ရက်နေ့တွင် သဘောထား တုန့်ပြန်လိုက်ခြင်းဖြစ်သည်။



ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ် (၃)ဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အရေးနိမ့်သွားသည့် စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တရုတ်အကူအညီဖြင့် တရုတ်နိုင်ငံ ဟိုင်ဂင်မြို့၌ မဟာမိတ် ၃ ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ခြင်းဖြစ်သည်။



အဆိုပါ သဘောတူညီချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေးအပါအဝင် နယ်စပ်တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးစသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရန် သဘောတူညီထားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ သဘောတူညီချက်များကို အဆင့်ဆင့် အကောင်အထည်ဖေါ်နေစဉ်ကာလအတွင်း မဟာမိတ်(၃)ဖွဲတို့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စီမံအကောင်အထည်ဖော်နေသည့် မြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလာခြင်းဖြစ်သည်။



ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း၊ သုံးသပ်ဆွေးနွေးခြင်းများပြလုပ်နိုင်ရန်အတွက် စာ ချုပ်တွင် လက်မှတ်‌ရေးထိုးထားသည့် အဖွဲအစည်းများသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ စီစဉ်ပေး ချက်အရ ပုံမှန်တွေ့ဆုံပွဲများကို တစ်ခုပြီးတစ်ခုကျင်းပခဲ့ရာ (၄)ကြိမ်မြောက်ရောက်ရှိလာပြီး ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှ မတ်လ(၁)ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးခဲ့သည်ဟု သိရသည်။



စစ်ကောင်စီသည် သက်သေများရှေ့တွင် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ၂၄ နာရီမပြည့်ခင်မှာပင် အပစ်အခတ်ရပ်ရန် သဘောတူညီထားသည့်ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ်ခဲ့ခြင်းဖြစ်သည်။