ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်က ၎င်းနှင့် မာရီယူပိုးမှ ခုခံကာကွယ်သူများကို အလဲအလှယ် လုပ်ရန် တောင်းဆို

ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်က ၎င်းနှင့် မာရီယူပိုးမှ ခုခံကာကွယ်သူများကို အလဲအလှယ် လုပ်ရန် တောင်းဆို
By Mr John

 ယူကရိန်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ရုရှားသမ္မတဗလာဒီမာပူတင်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ မက်ဗက်ချော့ခ်က ၎င်းနှင့် မာရီယူပိုးမြို့ရှိ ခုံခံကာကွယ်သူများနှင့် မြိုခံများကို အလဲအလှယ်လုပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ယူကရိန်းလုံခြုံရေးဌာန SBU က ထုတ်ပြန်လိုက်သည့် ဗီဒီယိုတစ်ခုတွင် ၎င်းက ထိုသို့ ပြောကြာထားခြင်း ဖြစ်သည်။



မြင်ကွင်းကျဥ်းကျဥ်းသာ ရိုက်ကူးထားသည့် ထိုဗီဒီယိုအတွင်း သစ်သားစားပွဲတစ်လုံးတွင်ထိုင်နေသည့် မက်ဗက်ချော့ခ်ကို တွေ့ရပြီး  ၎င်း၏ အနောက်ဘက်မှ နံရံအဖြူကို အနည်းငယ်မျှသာ မြင်တွေ့နိုင်သည်။

မက်ဗက်ချော့ခ်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရှိရန်ခက်ခဲပြီး ယခုဗီဒီယိုတွင် ၎င်း၏ ဆန္ဒအလျောက် လွပ်လပ်စွာ ပြောခဲ့ခြင်း သို့မဟုတ် အကျပ်ကိုင်ခံရမှုကြောင့် ပြောခဲ့ခြင်းနှင့် ပတ်သက်၍လည်း မသိရှိနိုင်ဟု ဆိုသည်။



ယူကရိန်းအစိုးရ၏ ပြောကြားမှုအရ ရုရှားနှင့် အကျဥ်းသား အပြန်အလှန်လဲလှယ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုကဲ့သို့ လူသိများသူ မဟုတ်ကြောင်း သိရသည်။

ရုရှားဘက်ကမူ မက်ဗက်ချော့ခ်သည် နိုင်ငံခြားသား နိုင်ငံရေးသမားတစ်ဦးဖြစ်တာကြောင့် ၎င်းကို အလဲအလှယ်လုပ်ရန်အတွက် စဥ်းစားမည် မဟုတ်ဟု ယခင်က ပြောထားခဲ့သည်။



မက်ဗက်ချော့ခ်၏ ဇနီးဖြစ်သူ Oksana Marchenko ကတော့ ၎င်း၏ခင်ပွန်းကို မာရီယူပိုးတွင် ဖမ်းဆီးခံထားရသည့် ဗြိတိန်နိုင်ငံသားများနှင့် အလဲအလှယ်လုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို မေတ္တာရပ်ခံထားခဲ့သည်ဟု ဆိုသည်။

၎င်းက မာရီယူပိုးတွင် ဖမ်းဆီးခံထားသည့် ဗြိတိန်နိုင်ငံသားများ၏ ဆွေမျိုးများကို ဗြိတိန်ဝန်ကြီးချုပ်ထံ အလဲအလှယ်ကိစ္စအတွက် တောင်းဆိုကြရန်လည်း ပြောခဲ့သည်။



အသက် (၆၇) နှစ်အရွယ် မက်ဗက်ချော့ခ်ကို နိုင်ငံတော်သစ္စာဖောက်မှု သံသယဖြင့် ကိဗ်မြို့တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ရာမှ ဖေဖေါ်ဝါရီ (၂၄) ရက် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဧပြီ (၁၂) ရက်နေ့တွင် ထုတ်လွှင့်သည့် ၎င်း၏ ညစဥ် ဗီဒီယိုမိန့်ခွန်းအတွင်း မက်ဗက်ချော့ခ်နှင့် ရုရှားက ဖမ်းဆီးထားသည့် ယောက်ျားလေးများနှင့် မိန်းကလေးများကို အလဲအလှယ်လုပ်ရန် ကမ်းလှမ်းထားခဲ့သည်။



မက်ဗက်ချော့ခ်ကို SBU ၏ အထူးစစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သမ္မတဇီလန်စကီးက Facebook တွင် ပြောခဲ့သည်။

မက်ဗက်ချော့ခ်သည် ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရုရှားလိုလားသည့် Opposition Platform - For Life နိုင်ငံရေးပါတီကို ဦးဆောင်သူဖြစ်သည်။

ရုရှားသမ္မတပူတင်က မက်ဗက်ချော့ခ် သမီး၏ ခေါင်းကိုင်ဖခင်လည်းဖြစ်သည်ဟု ဆိုသည်။



မက်ဗက်ချော့ခ်က ဘယ်သူလဲ

ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ မက်ဗက်ချော့ခ်က ရုရှားသမ္မတပူတင်နှင့် နီးကပ်သည့်ဆက်ဆံရေးရှိထားသည်။ မက်ဗက်ချော့ခ်သည် ရုရှားအစိုးရနှင့် ဆက်သွယ်ရေးတွင် အရေးပါသူဖြစ်တာကြောင့်လည်း ၎င်းကို ယူကရိန်းနိုင်ငံရေးအသိုင်းအဝိုင်းကြား နှစ်နဲ့ချီကြာ သည်းခံဆက်ဆံခဲ့ကြသည်ဟု ဆိုသည်။ ထို့အပြင် မက်ဗက်ချော့ခ်က ယူကရိန်းအရှေ့ပိုင်းနယ်မြေတွေကို သိမ်းပိုက်ထားသည့် ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနှင့် စေ့စပ်ဆွေးနွေးသူအဖြစ် အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်ခဲ့သည်။



မက်ဗက်ချော့ခ်ကို ရုရှားသမ္မတပူတင်နှင့်အတူ ဓာတ်ပုံများထဲတွင် မကြာခဏ တွေ့ရလေ့ရှိသည်။ ၎င်းတို့နှစ်ဦး အခါအားလျော်စွာ တွေ့ဆုံလေ့ရှိကြောင်း ပူတင်က ၂၀၁၉ ခုနှစ်အတွင်း ပြောခဲ့ဖူးသည်။ "ကျနော်တို့ အရမ်းရင်းနှီးတယ်လို့ မပြောပါဘူး။ ဒါပေမဲ့ အချင်းချင်း ကောင်းကောင်းသိကြပါတယ်" ဟု ရုရှားသမ္မပူတင်က ရုပ်ရှင်ရိုက်ကူးသူ Oliver Stone ကို ပြောသည်။ မက်ဗက်ချော့ခ်ကို နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်ဖြင့် ၂၀၂၁ ခုနှစ် မေလအတွင်း ယူကရိန်းအစိုရက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။



Source: BBC