တာချီလိတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဓနုတိုင်းရင်းသားမိသားစုအဖွဲ့ ဖွဲ့စည်းထားရှိ

တာချီလိတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဓနုတိုင်းရင်းသားမိသားစုအဖွဲ့ ဖွဲ့စည်းထားရှိ
ဒီဇင်ဘာ 7, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ရောက်ရှိ နေထိုင်ကြသည့် ဓနုတိုင်းရင်းသားများ စုစည်းနိုင်ရန် နှင့် လူမှုလုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဓနုတိုင်းရင်းသားမိသားစုအဖွဲ့အား အဖွဲ့ဝင် (၂၈)ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

" ရှမ်းအရှေ့မှာ ဓနုတိုင်းရင်းသားရိုးရာအဖွဲ့ ဖွဲ့လိုက်ပြီးပြီဆိုတော့ ဗဟိုအဖွဲ့ချုပ်ရဲ့လမ်းညွှန်မှုနဲ့ ဓနုရိုးရာ ယဉ်ကျေးမှုပွဲတော်တွေ လုပ်သွားမှာပါ"ဟု ဓနုတိုင်းရင်းသားမိသားစုအဖွဲ့ ဥက္ကဌ ဦးစံသောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်အနီးရှိ မင်္ဂလာဇေယျံကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့က ကျင်းပသည့် ဓနုတိုင်းရင်းသား မိသားစုအဖွဲ့ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးသို့ တက်ရောက်လာသည့် တာချီလိတ်၊ မိုင်းဖြတ်နှင့် တာလေမြို့များမှ ဓနုတိုင်းရင်းသား (၈၃)ဦးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဓနုတိုင်းရင်းသားမိသားစုအဖွဲ့ကို အဖွဲ့ဝင် (၂၃) ဦးဖြင့် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

 

"ဖွဲ့တဲ့ ရည်ရွယ်ချက်ကတော့ ရှမ်းရှေ့မှာရှိတဲ့ ဓနုတိုင်းရင်းသားတွေကို စုစည်းဖို့၊ တခြားတိုင်းရင်းသားတွေနဲ့ စိတ်တူ ကိုယ်တူ ပါဝင်ခွင့်ရှိအောင်၊ ပရဟိတအလုပ်တွေ အတူလုပ်ဖို့အတွက်ရယ်၊ နောင်နှစ်တွေမှာ ဓနုတိုင်းရင်းသားမိသားစု ရိုးရာပွဲတွေ ကျင်းပနိုင်အောင်အတွက် တည်ထောင်လိုက်တာပါ"ဟု မိုင်းဖြတ်မြို့နေ ဓနုတိုင်းရင်းသား ဦးခင်မောင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဓနုတိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်း ထုတ်ပြန်ထားသည့် လူမျိုးစု (၁၃၅)စုအနက် လူဦးရေအများဆုံး အဆင့် နံပါတ် (၁၀)တွင် ရှိနေပြီး ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပင်းတယနှင့် ရွာငံမြို့နယ် နှစ်ခုပေါင်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~