တရုတ်နိုင်ငံ၏ အဆိုးဆုံး COVD-19 ကူးစက်ဖြစ်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီဟု ရှန်ဟိုင်းအာဏာပိုင်များ ပြော

Photo: REUTERS/Aly Song
Photo: REUTERS/Aly Song
တရုတ်နိုင်ငံ၏ အဆိုးဆုံး COVD-19 ကူးစက်ဖြစ်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီဟု ရှန်ဟိုင်းအာဏာပိုင်များ ပြော
By Mr John

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် လူဦးရေ (၂၅) သန်းနီးပါးကို တစ်လကြာ lockdown လုပ်ထားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ အဆိုးဆုံး COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိရောက်သည့်ထိန်းချုပ်မှု လုပ်ဆောင်ထားနိုင်ပြီဟု အာဏာပိုင်တွေက မေလ (၆) ရက်နေ့တွင် ပြောသည်။

စီးပွားရေးဆုံးရှုံးမှုများ တိုးလာသော်လည်း တရုတ်အာဏာပိုင်တွေက ၎င်းတို့၏ zero-COVID မဟာဗျူဟာအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် ဧပြီလ (၂၁) ရက်နောက်ပိုင်း COVID-19 ကူးစက်မှုများ ဆက်တိုက်ကျဆင်းလာကြောင်း ဒုတိယမြို့တော်ဝန် Wu Qing က ပြောသည်။

"လက်ရှိမှာ ကျွန်တော်တို့မြို့ရဲ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှု အခြေအနေက တဖြည်းဖြည်း တိုးတက်နေပါတယ်။ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုက ထိရောက်တဲ့ထိန်းချုပ်မှုအောက် ရောက်လာပါပြီ" ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရှန်ဟိုင်းမြို့၏ လူဦးရေ (၂၅) သန်းအနက်မှ အများအပြားမှာ lockdown ကန့်သတ်ချက်ဖြင့် နေထိုင်နေကြရဆဲဖြစ်ပြီး စီမံဆောင်ရွက်မှုတွေအပေါ် စိတ်မရှည်နိုင်ဖြစ်နေကြသည်။

ယခုအခါ ရှန်ဟိုင်းကို lockdown လုပ်ထားမှုမှာ ဒုတိယမြောက်လအတွင်း ရောက်ရှိလာပြီလည်း ဖြစ်သည်။

လူထုကြား ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်ထားစဥ် ကူးစက်မှုများ ပြန်မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိကြောင်းနှင့် ရှန်ဟိုင်းတွင် COVID-19 ကို အင်တိုက်အားတိုက် ရှင်းလင်ပစ်မည့် မဟာဗျူဟာကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒုတိယမြို့တော်ဝန်က ဆိုသည်။

"ကျွန်တော်တို့ လျော့လို့မရဘူး၊ ကျွန်တော်တို့ နားလို့မရဘူး။ မဆုတ်မနစ်ကြိုးပမ်းမှုက အောင်ပွဲဖြစ်ပါတယ်" ဟု Wu Qing က ပြောသည်။

ရှန်ဟိုင်းမြို့တွင် မေလ (၅) ရက်နေ့က ရောဂါလက္ခဏာမပြသည့် ကူးစက်မှု ၄,၀၂၄ ခု တွေ့ရှိခဲ့ရာ မေလ (၄) ရက်နေ့တွင် ကူးစက်မှု ၄,၃၉၀ တွေ့ရှိခဲ့ရာမှ လျော့ကျလာခဲ့သည်။ ထို့အတူ မေလ (၅) ရက်နေ့တွင် ရောဂါလက္ခဏာပြသည့် ကူးစက်မှု ၂၄၅ ခု တွေ့ရှိခဲ့ပြီး မေလ (၄) ရက်နေ့က ၂၆၁ ခု တွေ့ရှိထားရာမှ လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူအရေအတွက်မှာ မေလ (၄) ရက်နေ့က (၁၃) ဦးမှ မေလ (၅) ရက်တွင် (၁၂) ဦး ရှိခဲ့သည်။ ထိုအတောအတွင်း တရုတ်မြို့တော် ဘေဂျင်းမြို့တွင်မူ COVID-19 ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Source: Reuters

Photo: REUTERS/Aly Song