ရုရှားဘက်က ပစ်ခတ်တိုက်ခိုက်နေသော်လည်း ယူကရိန်းက ပထမဆုံး ဂျုံတင်ပို့နိုင်ရန် မျှော်လင့်

ရုရှားဘက်က ပစ်ခတ်တိုက်ခိုက်နေသော်လည်း ယူကရိန်းက ပထမဆုံး ဂျုံတင်ပို့နိုင်ရန် မျှော်လင့်
ဇူလိုင် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့ ဦးဆောင်စီစဥ်ခဲ့သည့် သဘောတူညီမှုအရ ရုရှားက ဆိပ်ကမ်းများ ပိတ်ဆို့ထားမှု ရုပ်သိမ်းရန်ဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ပထမဆုံး ဂျုံတင်ပို့မှု လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ယူကရိန်းက ဇူလိုင်လ (၂၅) ရက်နေ့တွင် ပြောသည်။

 ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကြောင့် ဂျုံတင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို သံသယရှိခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာတွင် ယူကရိန်းက ထိုသို့ ပြောကြားလာခြင်းဖြစ်သည်။

ယူကရိန်း၏ ပင်လယ်နက်ဆိပ်ကမ်းများတွင် ပိတ်မိနေသည့် တန်ချိန် သန်းနှင့်ချီသော ဂျုံများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုများ ပြန်လည်စတင်ရန် ယူကရိန်းနှင့်ရုရှားတို့ကြား အဓိက သဘောတူညီချက်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်နှင့် တူရကီသမ္မတ Erdogan တို့ ဦးဆောင်သည့် အခမ်းအနားတစ်ရပ်ဖြင့် ဇူလိုင်လ (၂၂) ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထိုသဘောတူညီချက်က ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်လွှဲရန် အဓိကျသည့် ခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုခဲ့ကြသည်။ 

သို့သော် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် (၂၄) နာရီမပြည့်မီ ရုရှားဘက်က ယူကရိန်း၏ Odessas မြို့ရှိ ဆိပ်ကမ်းကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ထိုဆိပ်ကမ်းမှာ သဘောတူညီမှုတွင် ပါဝင်သည့် ဂျုံတင်ပို့ရန် ပြန်ဖွင့်ပေးသွားမည့် ဆိပ်ကမ်း (၃) ခုအနက်မှ တစ်ခုဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်က ဒေါသထွက်ခဲ့ပြီး ရုရှားက သဘောတူညီမှုအတိုင်း လိုက်နာမည်မဟုတ်သည့်အပေါ် စိုးရိမ်မှုများ တိုးလာစေခဲ့သည်။

 သီတင်းပတ်ကုန်ရက်များတွင်း ရုရှား၏ တိုက်ခိုက်မှုရှိခဲ့သော်လည်း ဂျုံတင်ပို့မှုများ ပြန်လည်စတင်ရန် လုပ်ဆောင်နေဆဲဖြစ်ပြီး သဘောတူညီချက်မှာ လာမည့် ရက်များအတွင်း စတင်အကောင်အထည်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း ယူကရိန်း အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး Oleksandr Kubrakov က သတင်းထောက်များကို ပြောခဲ့သည်။

"ကျွန်တော်တို့ ဒီအပတ်ထဲ စတင်ဖို့ အားလုံးပြင်ဆင်နေပါတယ်" ဟု ၎င်းက ဆိုသည်။ 

ဝန်ကြီး Oleksandr Kubrakov က ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျုံတင်ပို့မှု ဆွေးနွေးညှိနှိုင်းမှုတွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ 

နိုင်ငံအနောက်တောင်ပိုင်းရှိ Chornomorsk ဆိပ်ကမ်းကို ပထမဆုံး ပြန်ဖွင့်သွားမည်ဖြစ်ကြောင်းနှင့် အနီးအနားရှိ Odessa ဆိပ်ကမ်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း လုံခြုံရေးက အရေးကြီးကြောင်း ယူကရိန်းအစိုးရအရာရှိများက ဆိုသည်။

"ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က အလွန်ရိုးရှင်းပါတယ်။ ကုလသမဂ္ဂနဲ့ တူရကီတို့နဲ့အတူ ကျွန်တော်တို့ သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးခဲ့တယ်။ လုံခြုံရေးကို အာမခံတယ်ဆိုရင် သဘောတူညီချက်က အလုပ်ဖြစ်ပါလိမ့်မယ်။ လုံခြုံရေး အာမခံမခံဘူးဆိုရင်တော့ ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး" ဟု ယူကရိန်းဝန်ကြီး ဝန်ကြီး Oleksandr Kubrakov က ပြောခဲ့သည်။

ယူကရိန်းနှင့်ရုရှားတို့က ကမ္ဘာ့ဈေးကွက်သို့ စိုက်ပျိုးရေးထုတ်ကုန်များ အဓိက တင်ပို့နေသည့် နိုင်ငံများဖြစ်သည်။ သို့သော် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် တိုက်ခိုက်မှုများအတွင်း ဂျုံများပျက်စီးခြင်း၊ ဆိပ်ကမ်းများ ပိတ်ထားခြင်းနှင့် မိုင်းထောင်ထားခြင်းတို့ကြောင့် ယူကရိန်းဂျုံတင်ပို့မှု ပြတ်တောက်သွားခဲ့သည်။

ရုရှား၏ ရေလမ်းကြောင်းပိတ်ဆို့ထားကြောင့် ယူကရိန်းတွင် ဂျုံနှင့် အခြား နှံစားသီးနှံ တန်ချိန် (၂၅) သန်းအထိ တင်ပို့၍မရဘဲ ကျန်ရှိနေရာ ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်နေပြီး ငတ်မွတ်ခေါင်းပါးမည့်အရေး စိုးရိမ်ပူပန်မှုများလည်း ရှိလာခဲ့သည်။ 

ယူကရိန်းထံတွင် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ တန်ဖိုးရှိသည့် ဂျုံများရောင်းရန်ရှိနေကြောင်း သမ္မတဇီလန်းစကီးက ဇူလိုင်လ (၂၂) ရက် ညပိုင်း မိန့်ခွန်းတွင် အတည်ပြုထားသည်။



Source: AFP