ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ လက်ကားဈေးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ (၁၅) ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ လက်ကားဈေးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ (၁၅) ဦး သေဆုံး
By Mr John

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် အရောင်းအဝယ်များဖြင့် စည်ကားလေ့ရှိသည့် နေရာတစ်ခု၌ ၂၀၂၃ခုနှစ် မတ်လ (၇) ရက်နေ့က ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၅) ဦး သေဆုံးပြီး လူ (၁၀၀) ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

အထပ် (၇) ထပ်ပါ အဆောက်အအုံတစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အထပ် (၂) ထပ် ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း မီးသတ်ဌာန အရာရှိတစ်ဦးက ပြောသည်။

"ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံမှာ သန်ရှင်းရေးပစ္စည်းနဲ့ အိမ်သုံးပစ္စည်း အရောင်းဆိုင်တွေရှိတယ်။ အဆောက်အအုံနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်လည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့တယ်" ဟု မီးသတ်အရာရှိ Dinomoni Sharma က ပြောသည်။ 

ကုန်ပစ္စည်း လက်ကားရောင်းချသည့် အချက်အချာ ဈေးကွက်ရှိရာ ဒါကာမြို့တော် Gulistan လမ်းပေါ်ရှိ အဆောက်အအုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စတုတ္တထပ်နှင့် ပဥ္စမထပ်မှာ အကြီးအကျယ် ပျက်စီးခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်းနှင့် ကယ်ဆယ်ရေး လုပ်နေဆဲဖြစ်ရာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း မီးသတ်အရာရှိ Sharma က ပြောသည်။ 

သတင်းဓာတ်ပုံများအရ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံနှင့် အနီးအနားရှိ အခြား အဆောက်အအုံများ ဆိုးရွားစွာ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရသည်။

မတ်လ (၅) ရက်နေ့ကလည်း ဒါကာမြို့တွင် ဂက်စ်ပေါက်ကွဲမှုဟု သံသယရှိသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ (၃) ဦး သေဆုံးခဲ့သလို မတ်လ (၄) ရက်နေ့ကလည်း  ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ အောက်စီဂျင်စက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ခဲ့ရာ လူ (၇) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။



Source: Reuters

Photo: REUTERS/Mohammad Ponir Hossain,