ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကမ်းခြေတစ်ခုတွင် ငါးအသေကောင်များ ထောင်နှင့်ချီ ကမ်းတင်လာ

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကမ်းခြေတစ်ခုတွင် ငါးအသေကောင်များ ထောင်နှင့်ချီ ကမ်းတင်လာ
By Mr John

 ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ပြည်နယ်ရှိ (၂.၅) မိုင်ရှည်လျားသော ကမ်းခြေတစ်လျှောက် ထောင်နှင့်ချီသည့် ငါးအသေကောင်များ ကမ်းတင်လာသည်ကို တွေ့ခဲ့ကြရပြီး ထိုဖြစ်စဥ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ 

ရေထဲတွင် အောက်စီဂျင်လျော့နည်းပြီး ငါးများကို အသက်ရှူကျပ်စေသည့် plankton bloom ခေါ် သဘာဝဖြစ်စဥ်တစ်ခုကြောင့် ငါးများ သေဆုံးရခြင်းဖြစ်ကြောင်း Kasetsart တက္ကသိုလ် ငါးလုပ်ငန်းမဟာဌာန၏ လက်ထောက်ဌာနမှူး Thon Thamrongnawasawat က ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုအရ plankton bloom ဖြစ်စဥ်မှာ တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြစ်လေ့ရှိပြီး များသောအားဖြင့် နှစ်ရက်မှ သုံးရက်ကြာကြောင်း နှင့် ထိုဖြစ်စဉ်မှာ  ၂၀၂၃ခုနှစ်၏ ဇွန်လ (၂၂) ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အစိုးရတာဝန်ရှိသူများက နောက်ထပ် လေ့လာဆန်းစစ်မှုများ လုပ်ဆောင်သွားရန် ပင်လယ်ရေကို ရယူထားသည်။ 

ကမ္ဘာတဝန်းတွင် ပင်လယ်ရေကြောင်း အပူလှိုင်းများ ဖြစ်ပေါ်လာမှုက ယခုနှစ်အတွင်း စိုးရိမ်စရာ ဖြစ်လာသည်။

ကမ္ဘာတဝန်း ပင်လယ်ရေမျက်နှာပြင် အပူချိန်များမှာ ၂၀၂၃ ခုနှစ် ဧပြီလနှင့် မေလတွင် ထိုလများအတွက် အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း British Met Office က ပြောသည်။ 

ပင်လယ်ရေမျက်နှာပြင် အပူချိန်များ မြင့်တက်လာရခြင်းမှာ သဘာဝရာသီဥတုဖြစ်စဥ် အယ်နီညိုကြောင့် ကမ္ဘာတဝန်း ပိုမိုပူနွေးလာမှုနှင့် လူသားများကြောင့် ရာသီဥတုပြောင်းလဲရာမှ သမုဒ္ဒရာများနှင့် ကုန်းမြေတွင် အပူချိန်များ ပိုမိုမြင့်တက်လာမှုတို့ကြောင့် ဖြစ်ကြောင်း British Met Office ဆိုသည်။

 

Source: CNN

Photo: DW News, Kantaphong Thakoonjiranon/Reuters