ထိုင်းနိုင်ငံတွင် အရက်မူးနေသည့် ပြည်နယ်ကောင်စီဝင်က ရဲတပ်ဖွဲ့ ၏ စစ်ဆေးရေးဂိတ်တဲအတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်

ထိုင်းနိုင်ငံတွင် အရက်မူးနေသည့် ပြည်နယ်ကောင်စီဝင်က ရဲတပ်ဖွဲ့ ၏ စစ်ဆေးရေးဂိတ်တဲအတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်
By Mr John

 ထိုင်းနိုင်ငံ ဖစ်ချဘွန်ပြည်နယ် Bung Sam Phan ခရိုင်တွင် အရက်မူးနေသည့် ပြည်နယ်ကောင်စီဝင်တစ်ဦးက ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်တဲကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးကင်မရာမှတ်တမ်း ထွက်ပေါ်လာပြီးနောက် ထိုအမှုကို ရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် ဇွန်လ (၂) ရက်နေ့၏ ညပိုင်းတွင် ပြည်နယ်ကောင်စီဝင် Somphop Thaiwattanatrakul က သေနတ်တစ်လက်ဖြင့် လေထဲသို့ ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တဲသို့ ချဥ်းကပ်လာပြီး ဂိတ်တဲအတွင်းသို့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် ပစ်ခတ်သူကို မတွေ့ရသော်လည်း ကနဦး ပစ်ခတ်သံကြားရပြီးနောက် စစ်ဆေးရေးဂိတ်တဲအနီးသို့ Somphop ချဥ်းကပ်လာသည်ကို တွေ့ခဲ့ရကြောင်း ထိတ်လန့်တကြားဖြစ်နေသည့် စေတနာ့ဝန်ထမ်း ရဲအရာရှိ (၂) ဦးက ပြောသည်။ 

နောက်ပိုင်းတွင် လုံခြုံရေးကင်မရာမှတ်တမ်းကို ကြည့်ရှုစစ်ဆေးမှုအရ ပြည်နယ်ကောင်စီဝင် Somphop မှာ သိသိသာသာ မူးနေသည်ကို တွေ့ရသည်။

Somphop က ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တဲသို့ ချဥ်းကပ်လာပြီး အချိန်ပြည့် ရဲတပ်ဖွဲ့ဝင်များရှိ မရှိ ၎င်းတို့ကို မေးမြန်းခဲ့ပြီးနောက် ဂိတ်တဲအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း စေတနာ့ဝန်ထမ်း ရဲအရာရှိ (၂) ဦးက ထွက်ဆိုခဲ့သည်။

 ပစ်ခတ်မှုဖြစ်ပွားချိန်တွင် တာဝန်ကျ ရဲအရာရှိများမှာ လှည့်ကင်းထွက်နေကြချိန်ဖြစ်ကြောင်း သိရသည်။ 

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတဝိုက် စစ်ဆေးခဲ့ရာ ၉ မမ ပစ္စတို ကျည်ဆန်အခွံ (၃) ခုနှင့် ဂိတ်တဲအတွင်း ငါးကန်ထားရှိရာ နေရာတွင် ကျည်ဆန်အပိုင်းအစများ နစ်မြုပ်ဝင်နေသည်ကို တွေ့ခဲ့ရသည်။

ယခုအမှုကို ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol အပါအဝင် ရဲတပ်ဖွဲ့၏ ထိပ်တန်းအကြီးအကဲများက အာရုံစိုက်ခဲ့ကြသည်။ 

ရဲဗိုလ်ချုပ်ကြီး Torsak က ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ပြည်နယ်ကောင်စီဝင်ကို ဥပဒေအတိုင်း အပြည့်အဝ အရေးယူဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ 

နောက်ဆုံး သတင်းများအရ ပြည်နယ်ကောင်စီဝင် Somphop က ဇွန်လ (၃) ရက်နေ့တွင် ရဲစခန်းသို့ ရောက်လာခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တဲနှင့် မျက်နှာချင်းဆိုင်ရှိ နေရာတစ်ခုတွင် ဇွန်လ (၂) ရက် ညပိုင်းက မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံခဲ့ကြောင်း Somphop က ပြောသည်။ 

၎င်း၏အဆိုအရ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တဲတွင် ရှိနေခဲ့သည့် ကျေးရွာလူကြီးတစ်ဦးထံ သွားရောက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏သေနတ်က မတော်တဆ ကျည်ထွက်သွားခဲ့ပြီး ကွန်ကရစ်တိုင်လုံးကို ထိမှန်ခဲ့ကြောင်း Somphop က ထွက်ဆိုခဲ့သည်။

ကနဦးအနေဖြင့် ရဲစခန်းက ပြည်နယ်ကောင်စီဝင် Somphop ကို အများပြည်သူနေရာတွင် သင့်လျော်သော ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ သေနတ်ကိုင်ဆောင်မှုဖြင့် စွဲချက်တင်ထားသည်။ 

ထပ်တိုး စွဲချက်တင်မှုများမှာ နောက်ထပ် စုံစမ်းစစ်ဆေးမှုများအပေါ် မူတည်လိမ့်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

Source: Bangkok Post