မူဆယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ကုန်ကားနှင့် မီးသွေးကားများကို ပစ်မှတ်ထားငွေကြေးတောင်းခံမှုတိုးလာ

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ကုန်ကားနှင့် မီးသွေးကားများကို ပစ်မှတ်ထားငွေကြေးတောင်းခံမှုတိုးလာ
By Tachileik News Agency

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ၂၀၂၃ ခုနှစ် မတ်လအတွင်း ကုန်ကားနှင့် မီးသွေးကားများကို ယခင်ကထက် ပစ်မှတ်ထား၍ ငွေကြေးတောင်းခံမှုများ လုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး အဓိကကုန်သွယ်ရေးဇုန်တစ်ခုဖြစ်သည့် မူဆယ်မြို့တွင် ယင်းကဲ့သို့ ငွေကြေးတောင်းခံမှုများရှိနေရာမှ ကုန်ကားနှင့် မီးသွေးကားများကို ယခုရက်ပိုင်းများအတွင်း ရပ်ကွက်များအတွင်းပါ လှည့်လည်တောင်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်တွင် အခြေစိုက်သည့် ခလရ (၂၉၀)တပ်ရင်းမှူးက တစ်ပတ်အတွင်း ပမာဏတစ်ခုသတ်မှတ်ကာ တောင်းယူခိုင်းနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်အချို့က ဆိုသည်။

“ပြည်သူ့စစ်တွေက ကားတွေတားပေးတယ်။ စစ်သားတွေတော့ ပိုက်ဆံတွေ တောင်းတာပေါ့။ မပေးတဲ့ကားတွေဆို ပြန်လှည့်ခိုင်းတာရှိတယ်။ ၁၂ ဘီးကားဆို ၁ သိန်းခွဲတောင်းတယ်။ ၆ ဘီးကားတွေဆို ၅ သောင်းပေါ့။ သုံးဘီးတို့ ဆိုင်ကယ်တို့လည်း ပစ္စည်းတွေဘာတွေတင်တယ်ဆိုရင် အနည်းဆုံး ၃ သောင်းပေးရတယ်”ဟု ဒေသခံတစ်ဦးက မတ်လ (၆)ရက်နေ့တွင် ပြောသည်။

မူဆယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များစွာရှိပြီး လက်ရှိငွေကြေးကောက်ခံမှုများကို စစ်ကောင်စီတပ်နှင့်အတူ နမ့်ခမ်းမြို့မပြည်သူ့စစ်၊ တာမိုးညဲပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့သည် နေ့၊ ည အင်အား (၆၀)ဝန်းကျင်ပါ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကုန်ကားနှင့် မီးသွေးကားများ အများဆုံးသွားတတ်သည့် လမ်းများကို လှည့်ပတ်၍ ငွေကြေးတောင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၉၀)သည် ယခင်က  ကွတ်ခိုင်မြို့နယ် တာမိုးညဲတွင် အခြေစိုက်ခဲ့ခြင်းဖြစ်ပြီး  ၂၀၂၁ ခုနှစ်တွင် မူဆယ် အခြေစိုက်တဲ့ ခလရ (၄၅)နှင့် အပြောင်းအလဲလုပ်ခဲ့ကာ  ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တပ်ဖွဲ့တာဝန်များ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။