တာမခန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် မီးရှို့နေ

တာမခန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် မီးရှို့နေ

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တာမခန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ မခရ(၁၁၉)က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့တွင် မီးရှို့နေသဖြင့် နေအိမ်အများအပြား မီးလောင်နေကြောင်း ဒေသခံများနှင့် KPDF တပ်ဖွဲ့ထံမှ သိရသည်။

တာမခန်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ခမရ(၁၁၉)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စတင်တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီးဖြစ်သည်ဟု သိရသည်။

“တိုက်ပွဲမဖြစ်ဘဲ မီးရှို့နေတာပါ။ နေအိမ်တော်တော်များများ မီးလောင်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ တိုက်ပွဲကနေ စစ်ကောင်စီတပ်သား (၂၄)ဦးကိုအရှင်မိထားတယ်။ လက်နက်ခဲယမ်းစာရင်းတော့ အတိအကျ မသိရသေးဘူး။ တစ်ပွင့်၊ နှစ်ပွင့်၊ တပ်ကြပ်ကြီးနဲ့ နယ်ထိန်းတွေပါတယ်။”ဟု KPDF မှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

တာမခန်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေသဖြင့် ‌လက်ရှိတွင် ဒေသခံများ၏ နေအိမ်(၆၀)လုံးထက်မနည်း မီးလောင်သွားပြီး ဆက်လက်မီးလောင်နေဆဲဖြစ်ကာ ဆီဆိုင်များ၊ ဈေးဆိုင်များနှင့် နေအိမ်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဆီတိုင်ကီများပေါက်ကွဲခြင်းကြောင့် မိုးပေါ် သို့ ပေ(၂၀)အထိ မီးခိုးလုံးများတက်နေပြီး ငြိမ်းသတ်မည့်သူ မရှိခြင်းကြောင့် ရွာလုံးကျွတ် မီးလောင်ကျွမ်းသွားနိုင်သည်ဟု ဒေသခံများက ပြောသည်။

တာမခန်ရွာရှိ တာမခန်ရဲစခန်းနှင့် ခမရ(၁၁၉)တပ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို သိမ်းပိုက်ကာ မီးရှို့လိုက်သဖြင့် ယနေ့ မတ်လ(၃)ရက်နေ့တွင် ခမရ(၁၁၉)က ရွာအတွင်းသို့ ဝင်ရောက်မီးရှို့နေခြင်းဖြစ်သည်ဟု သိရသည်။

“ရပ်ကွက်(၁)၊ (၃)နဲ့ (၄)မီးလောင်နေတာ အခုထိ မီးလောင်နေတုန်းပါ။ ဒေသခံတွေလည်း ထွက်ပြေးနေကြရတော့ မီးသတ်လို့မရဘဲ ဆက်လောင်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

တာမခန်ကျေးရွာရှိ ခမရ(၁၁၉)တပ်စခန်းနှင့် ရဲစခန်းတို့ကို KIAပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ကစတင်၍ ရိက္ခာဖြတ်တောက်ကာ ဝိုင်းပတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့သည်ဟု သိရသည်။

ရဲစခန်းအားသိမ်းပိုက်စဉ် လက်နက်ခဲယမ်းနှင့် တစ်ပွင့်၊ နှစ်ပွင့်၊ တပ်ကြပ်ကြီးနှင့် နယ်ထိန်း (၁၇)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ခမရ(၁၁၉)တပ်စခန်းမှလည်း စစ်ကောင်စီတပ်သား (၇)ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအရေအတွက်ကိုမူ မသိရသေးဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါတိုက်ပွဲကို လက်နက်ကြီးပစ်ကူပေးခဲ့သည့် ဖားကန့်ဗျူဟာကုန်းကိုလည်း KIA ပူးပေါင်းတပ်များက (၆၀)မမနှင့် ပြန်လည်ပစ်ခတ်ခြင်းများရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ