တာချီလိတ်မြို့တွင် ကုန်စိမ်းရောင်းသည့် အမျိုးသားတစ်ဦးကို စရဖ နှင့် ရဲက ရမ်းသမ်းဖမ်းဆီးကာ ရိုက်နှက် စစ်ဆေး၊ ဒဏ်ရာများရရှိပြီးနောက် ၎င်းတို့ အလိုရှိသူ မဟုတ်၍ ပြန်လွတ်

တာချီလိတ်မြို့တွင် ကုန်စိမ်းရောင်းသည့် အမျိုးသားတစ်ဦးကို စရဖ နှင့် ရဲက ရမ်းသမ်းဖမ်းဆီးကာ ရိုက်နှက် စစ်ဆေး၊ ဒဏ်ရာများရရှိပြီးနောက် ၎င်းတို့ အလိုရှိသူ မဟုတ်၍ ပြန်လွတ်
မတ် 5, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကုန်စိမ်းရောင်းသည့် အမျိုးသားတစ်ဦးအား ရဲနှင့်စရဖ တို့က ဖမ်းဆီးပြီး ရိုးရိုးမစစ်ဆေးဘဲ ရိုက်နှက်စစ်ဆေးပြီးနောက် လူမှား၍ ပြန်လည်လွတ်ပေးလိုက်ကြောင်း သိရသည်။

"ကျွန်မတို့ ဝမ်မိုင်ရွာထဲက ကြက်သွန်တွေ၊ အာလူးတွေ ရောင်းတဲ့ အစ်ကိုတစ်ယောက် တောင်ကြီးက ပစ္စည်းပို့လာလို့ ကားလေးကွင်းမှာ သွားယူတာကို ရဲနဲ့စရဖတွေက ဖမ်းပြီးရိုက်တယ်။ ‌တစ်ကိုယ်လုံး မျက်နှာတွေ ရောင်‌ကိုင်းနေပြီးမှ လူမှားသွားလို့ဆိုပြီး ဒီတိုင်းပြန်လွတ်လိုက်တယ်တဲ့၊ အဲ့လို မတရားခံရတာကို ရွာထဲက လူတွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်။ စစ်ဆေးမေးမြန်းချင်ရင် လက်မပါဘဲ မေးလို့ရတာပဲ။ အခုတော့ ရိုက်နှက်မေးမြန်းတာက မတရားလုပ်တာလဲ ဖြစ်သလို အကြောက်တရားရိုက်သွင်းတာပဲ။"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်းနေ  အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ပြောသည်။

၂၀၂၃ခုနှစ် မတ်လ(၄)ရက်နေ့၏ နေ့လည်ပိုင်းက ပါဆတ်ကားလေးကွင်းတွင် ဖမ်းဆီးပြီး အခြားတစ်နေရာသို့ ခေါ်ဆောင်သွားကာ ရိုက်နှက်ညှင်းပန်းစစ်ဆေးခြင်းဖြစ်ပြီး ၎င်းတို့ ရှာဖွေနေသူ မဟုတ်၍ ပြန်လွတ်ပေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။

တာချီလိတ် စရဖ နှင့် ရဲတပ်ဖွဲ့က ပြီးခဲ့သည့်  ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် ကြံ့ဖွံ့ပါတီရုံးဧရိယာအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲပြီး လူ((၇)ဦး ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ယနေ့အထိ စုံစမ်းနေခြင်းလည်း ဖြစ်သည်။

စရဖ နှင့် ရဲတပ်ဖွဲ့သည် ၎င်းတို့ မသင်္ကာသူများကို ဖမ်းဆီးတိုင်း ရိုးရိုးစစ်ဆေးခြင်းမဟုတ်ဘဲ ရိုက်နှက် ညှင်းပန်း စစ်ဆေးခြင်းများ ပြုလုပ်မှုကြောင့် ဒဏ်ရာများစွာ ရရှိခဲ့ကြရသော်လည်း ပြန်လွတ်ပေးသည့် အချိန်ဖြစ်စေ စစ်ဆေးမှုပြီးသည့် အချိန်ဖြစ်စေ ၎င်းတို့အနေဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးသော်လည်း "ညှင်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အတင်းအဓမ္မ ထွက်ဆိုခိုင်းခြင်း မရှိဘဲ မိမိသဘောဆန္ဒအလျောက် ထွက်ဆိုသည်မှာ မှန်ကုန်ကြောင်း လက်မှတ်ရေးထိုးပါသည်"ဟု ရေးသားထားသည့် စာရွက်ပေါ်တွင် အတင်းအဓမ္မလက်မှတ်ရေးထိုးခိုင်းလေ့ရှိကြောင်းသိရသည်။