မိုင်းဖြတ်မြို့တွင် နေပြည်တော် စရဖ က ဟု ပြောပြီး အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

မိုင်းဖြတ်မြို့တွင် နေပြည်တော် စရဖ က ဟု ပြောပြီး အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
မေ 11, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့  ဟိုနားရှမ်းရွာတွင် အရပ်ဝတ် ဝတ်ထားပြီး နေပြည်တော် စရဖ က ဟုပြောကာ  လူငယ်တစ်ဦးအား    ၂၀၂၁ခုနှစ် မေလ(၁၀)ရက်နေ့ ည(၁၁)နာရီမထိုးမီအချိန်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း သိရသည်။

"လာဖမ်းသူ (၇)ယောက်လောက်ပါတယ်။ တာဝန်အရလို့ပြောတယ်။ ဖမ်းခံရတဲ့ ကောင်လေးရဲ့ အမေက သူတို့ကို ဘယ်ကလဲမေးတာ့ နေပြည်တော် စရဖကတဲ့။ ဘယ်ခေါ်သွားမှာလဲမေးတော့ ရဲစခန်းတဲ့။ အဲ့ဒါနဲ့ ကောင်လေးရဲ့ အမေကလည်း စခန်းမှူးကို ဖုန်းဆက်တော့ သူတို့တောင် မသိဘူးလို့ ပြောသံကြားတယ်"ဟု အနီးဝန်းကျင်တွင်ရှိနေသူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ ရဲစခန်း နှင့် စစစ သို့ ဆက်သွယ်စုံစမ်းရာတွင်လည်း ယခုကိစ္စကို မသိရှိရသေးကြောင်း ပြောသည့်အတွက် မည်သည့်ဌာနကို မေးမြန်းရမည်ကို မသိရသည့်အပြင် လာရောက်ဖမ်းဆီးခေါ်ဆောင်ရာတွင်လည်း အင်အားဖြည့် လိုက်ပါလာသူများတွင် ရဲယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးပါဝင်သလို ဟိုနားအုပ်ချုပ်ရေးမှူးလည်းပါဝင်သည်ကိုတွေ့ရကြောင်း အဆိုပါ အမျိုးသားတစ်ဦးက ဆိုသည်။



ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ အသက်(၁၇)နှစ်သာရှိသေးသည့် မောင်အောင်ကိုကိုဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေထားသူဖြစ်ကြောင်း သိရသည်။