အီဂျစ်၏ ကြားဝင်မှုကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွများ ပစ်ခတ်ရပ်စဲရေး သဘောတူ

Photo: Said Khatib/AFP
Photo: Said Khatib/AFP
အီဂျစ်၏ ကြားဝင်မှုကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွများ ပစ်ခတ်ရပ်စဲရေး သဘောတူ
By Mr John

 ဂါဇာကမ်းမြောင်ဒေသတွင် (၃) ရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွများ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြကြောင်း သိရသည်။ 

အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်မှုအရ ဩဂုတ်လ (၇) ရက် ညပိုင်းမှစပြီး နှစ်ဘက်အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှာ ၂၀၂၁ ခုနှစ် မေလအတွင်း (၁၁) ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်လာခဲ့ပြီး အနည်းဆုံး လူ (၄၄) ဦး သေဆုံးခဲ့သည်။ 

အမေရိကန်နှင့် ကုလသမဂ္ဂက နှစ်ဘက်လုံးအနေဖြင့် အပစ်အခတ်ရပ်စဲကို ဆက်လက် လိုက်နာကြရန် တိုက်တွန်းခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ ထုတ်ပြန်ချက်တွင် အပစ်အခတ်ရပ်စဲမှုကို ချီးကျူးထားပြီး ပါဝင်တိုက်ခိုက်သူ အားလုံးအနေဖြင့် အပစ်အခတ်ရပ်စဲမှု အပြည့်အဝ အကောင်အထည်ဖော်ရန် ဂါဇာကမ်းမြောင်အတွင်းသို့ လောင်စာဆီနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ခွင့်ပြုရေး သေချာစေရန် တိုက်တွန်းထားပြီး အရပ်သား သေဆုံးဒဏ်ရာရမှု သတင်းများကို စုံစမ်းစစ်ဆေးရန်လည်း ဂျိုးဘိုင်ဒန်က ပြောသည်။

အီဂျစ်၏ ကြားဝင်စေ့စပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးမှာ ဩဂုတ်လ (၇) ရက် ညပိုင်းတွင် စတင်သက်ရောက်ခြင်းဖြစ်သော်လည်း ထိုအချိန်မတိုင်မီလေးတွင် ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ Palestinian Islamic Jihad (PIJ) ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။

အစ္စရေးမီဒီယာကလည်း အပစ်အခတ်ရပ်စဲမှု စတင်သက်ရောက်ပြီးနောက် မိနစ်ပိုင်းအတွင်း ဂါဇာဘက်မှ ဒုံးကျည်ပစ်လွှတ်မှုအချို့ရှိခဲ့ကြောင်း ဖော်ပြသည်။ 

သို့သော် ထိုနောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့ကြောင်း သိရသည်။ 

အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ယခုနောက်ဆုံး တိုက်ခိုက်မှုများမှာ ဂါဇာကမ်းမြောင်ရှိ နေရာများကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့မှုနှင့်အတူ စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်သွေးကြွအုပ်စုတစ်ခုထံမှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောထားသည်။ 

အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေတွင် PIJ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးကို အစ္စရေးက ဖမ်းဆီးခဲ့ရာမှ တင်းမာမှုများ ရက်များအကြာ ရှိနေခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်းလည်း ဖြစ်သည်။

ဩဂုတ်လ (၇) ရက် ညပိုင်းအထိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားမှုအရ တိုက်ခိုက်မှုများအတွင်း ကလေး (၁၅) ဦး အပါအဝင် လူ (၄၄) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၃၀၀) ကျော်ရှိခဲ့ကြောင်း သိရသည်။ 

ပါလက်စတိုင်းများ သေဆုံးဒဏ်ရာရမှုအတွက် အစ္စရေး၏ရန်လိုမှုကို ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အပြစ်ဖို့ခဲ့သည်။ 

အစ္စရေးဘက်ကမူ PIJ စစ်သွေးကြွများကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း သေဆုံးမှုအချို့ရှိခဲ့ကြောင်း ဩဂုတ်လ (၆) ရက်နေ့တွင် ပြောခဲ့သည်။

PIJ စစ်သွေးကြွအုပ်စုက ဒုံးကျည် မှားယွင်းပစ်ခတ်မှုကြောင့် Jabalia မြို့တွင် ကလေးငယ်များ သေဆုံးခဲ့ကြောင်း အစ္စရေးက စွပ်စွဲထားသည်။ 

တိုက်ခိုက်မှုများ ဖြစ်ပွားနေမှုကြောင့် ဂါဇာကမ်းမြောင်ရှိ ဆေးရုံများတွင် မီးစက်များမောင်းရန် နောက်ထပ် (၂) ရက်စာအတွက်သာ လောင်စာဆီကျန်ရှိနေတော့ရာ လူသားချင်းစာနာထောက်ထားမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများရှိနေသည်။ 

ထိုအခြေအနေကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ဦးတည်စေခဲ့သည်ဟု ဆိုသည်။

အစ္စရေးနှင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် PIJ အုပ်စုမှာ ဂါဇာကမ်းမြောင်တွင် လှုပ်ရှားနေသည့် အင်အားအကောင်းဆုံး စစ်သွေးကြွအုပ်စုများအနက်မှ တစ်ခုဖြစ်သည်။ 

ထိုအုပ်စုကို အီရန်က ကျောထောက်နောက်ခံပြုပေးထားပြီး ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်မြို့တွင် ၎င်း၏ရုံးချုပ်ရှိကြောင်း သိရသည်။ 

PIJ အုပ်စုက အစ္စရေးကို ဒုံးကျည်ပစ်လွှတ်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အပါအဝင် တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း အစ္စရေးနှင့် PIJ တို့ (၅) ရက်ကြာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးသည်။ 

ထိုစဥ်က တိုက်ခိုက်မှုလုပ်ရန် စီစဥ်နေသည့် PIJ တပ်မှူးတစ်ဦးကို အစ္စရေးက ရှင်းလင်သုတ်သင်ခဲ့ပြီးနောက် နှစ်ဘက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း (၃၄) ဦး သေဆုံးပြီး (၁၁၁) ဦး ဒဏ်ရာရခဲ့ကာ အစ္စရေးဘက်က (၆၃) ဦး ဒဏ်ရာရခဲ့ကြောင်း နှင့် ပါလက်စတိုင်း သေဆုံးသူများအနက် (၂၅) ဦးမှာ ဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင်နေသည့်နေရာကို တိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးခဲ့သော စစ်သွေးကြွများဖြစ်ကြောင်း သိရသည်။

Source: BBC