ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၃၅)ကြိမ်ဖြစ်ပွားရာ အာဏာသိမ်း စစ်အုပ်စု၏ တပ်သား (၄၀)ကျော်သေဆုံးပြီး KNDF ဘက်က် ရဲဘော်(၂ )ဦး နိုင်ငံတော်အတွက် အသက်ပေးလှူသွား 

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၃၅)ကြိမ်ဖြစ်ပွားရာ အာဏာသိမ်း စစ်အုပ်စု၏ တပ်သား (၄၀)ကျော်သေဆုံးပြီး KNDF ဘက်က် ရဲဘော်(၂ )ဦး နိုင်ငံတော်အတွက် အသက်ပေးလှူသွား 
မတ် 4, 2023 | 2021 Military Coup| ကယား

 

ကရင်နီ(ကယား)ပြည်နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု နှင့်  ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၃၅)ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်အုပ်စုတပ်သား(၄၅)ဦးသေကာ လက်နက်( ၃၄ ) လက်၊ နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း   KNDF (ဗဟို)၏ သတင်းနှင့်ပြန်ကြားရေးဌာနက ၂၀၂၃ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ( KNDF ) ဘက်မှ ရဲဘော် (၂)ဦး  နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ရပြီး စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား (၈)ဦး သေဆုံးကာ (၁၂ ) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် (၉)လုံး၊ ဆေးပေးခန်း (၁)ခု နှင့်  ဘာသာရေးအဆောက်အဦး(၄) လုံး ပျက်စီးခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလတွင်း စစ်အုပ်စုတပ်စွဲနေသည့် ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိ  စစ်ဆေးရေးဂိတ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းမတစ် လျှောက်ရှိ  စစ်ကောင်စီတပ်၏ လင်ဖုံလေးလမ်းခွဲနှင့် ကယန်းသာ ယာလမ်းခွဲရှိ စစ်ဆေးရေးဂိတ်၊ လွိုင်ကော်မြို့နှင့် လွိုင်လင်လေးမြို့အခြေစိုက် တပ်ရင်းများ၊ ရှားတောမြို့နယ်တွင် စစ်အုပ်စု၏ ရိက္ခာယာဥ်တန်းများကို ဖြတ်တောက်တိုက်ခိုက်ခြင်း၊ ရှေ့တန်းကုန်းစခန်းများအား တိုက်ခိုက်ခြင်း၊ လှုပ်ရှားစစ်ကြောင်းများကိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒါအပြင် ဖရူဆိုမြို့နယ်တွင်လည်း အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ လှုပ်ရှားထွက်လာသော စစ်အုပ်စုစစ်ကြောင်းများအား တိုက်ခိုက်ခြင်းနှင့် ကင်းပုန်းစခန်းများအား ချောင်းမြောင်း ပစ်ခတ်ခြင်းများကို ကရင်နီတပ်မတော်(KA)နှင့် KNDF တို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စုသည် ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံမြိုနယ်တို့တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်း ဖြင့် စုစုပေါင်း (၆)ကြိမ်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။