စစ်ကောင်စီတပ်က အကာအကွယ်မပေးနိုင်တော့သဖြင့် ဘုန်းကြီးနှစ်ပါးနှင့် ပျူစောထီးခြောက်ဦး ထိုင်းနိုင်ငံသို့ ပြေးရန်ပြင်

စစ်ကောင်စီတပ်က အကာအကွယ်မပေးနိုင်တော့သဖြင့် ဘုန်းကြီးနှစ်ပါးနှင့် ပျူစောထီးခြောက်ဦး ထိုင်းနိုင်ငံသို့ ပြေးရန်ပြင်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ အကာအကွယ်မရရှိသည့် ဘုန်းကြီး(၂)ပါးနှင့် ပျူစောထီး(၆)ဦးတို့ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်မည်ဟု သတင်းရသဖြင့် တွေ့ရှိပါက အကြောင်းကြားရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီထောက်ခံသူ ဘုန်းကြီး(၂)ပါးနှင့် တောင်ရှည်ရွာမှ ပျူစောထီး(၆)ဦးတို့သည် စစ်ကောင်စီတပ်နှင့်အတူ ကျေးရွာများအတွင်း စစ်ကြောင်းထိုးခြင်း၊ ပြည်သူပစ္စည်းများအား ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အတွက် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေတိမ်းရှောင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီထောက်ခံသူ ဘုန်းကြီး(၂)ပါးနှင့် ပျူစောထီး(၆)ဦးတို့ကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းခြင်း မပြုလုပ်ရန် စာဖြင့်လည်းကောင်း၊ ဖုန်းဆက်၍လည်းကောင်း သတိပေး တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများတွင် ပျူစောထီးများက စစ်ကောင်စီတပ် ယူနီဖောင်းများ ဝတ်ဆင်ကာ လက်နက်ကိုင်ဆောင်လိုက်ပါခဲ့သလို ဘုန်းကြီး(၂)ပါးမှာလည်း လက်နက်များကိုင်ဆောင်၍ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းသွားလာခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency