တူရကီ - ဆီးရီးယား ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် (၃၇,၃၀၀) ကျော်အထိ မြင့်တက်လာ

တူရကီ - ဆီးရီးယား ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် (၃၇,၃၀၀) ကျော်အထိ မြင့်တက်လာ
ဖေဖော်ဝါရီ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖေါ်ဝါရီလ (၁၄) ရက် ဒေသစံတော်ချိန် ညပိုင်း(၁၁)နာရီခွဲအချိန်အထိက (၃၇,၃၅၇)ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

ကယ်ဆယ်ရေးအဖွဲ့များက ငလျင်အပျက်အစီးများအောက်တွင် အသက်ရှင်ကျန်သူများကို ရှာဖွေရေးလုပ်ငန်းအား စတင်အရှိန်လျှော့ချခဲ့ကြပြီး ထောင်ပေါင်းများစွာသော အိုးအိမ်မဲ့ဖြစ်ခဲ့ကြရသည့် ငလျင်ဒဏ်သင့်သူများထံသို့ အကူအညီများပေးအပ်ရန် လုပ်ဆောင်နေကြသည်။

ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် (၈) ရက်အကြာတွင် အဆောက်အအုံ အပျက်အစီးများအောက်မှ ပိတ်မိနေသူအချို့ကို ဆွဲထုတ်နေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ဆိုသည်။ 

သေဆုံးမှုအများဆုံးမှာ တူရကီနိုင်ငံက သေဆုံးသူ(၃၅၀၀၀)နီးပါး ဖြစ်နေပြီး ဆီးရီးယားနိုင်ငံက သေဆုံးသူ (၃၀၀၀)ကျော်ရှိကြောင်း သိရသည်။

တူရကီနှင့်ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးမှာ (၂၁) ရာစုအစပိုင်းမှ၍ ယခုအချိန်အထိ ပဥ္စမမြောက် လူသေဆုံးမှု အများဆုံး ငလျင်ဖြစ်လာခဲ့သည်။ 

ထိုအတောအတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံအတွင်းမှ ငလျင်ဒဏ်သင့်နေရာများသို့ အကူအညီများ မပေးပို့ခြင်းအပေါ် ကုလသမဂ္ဂက ရှုတ်ချလိုက်ပြီး သေဆုံးသူအရေအတွက် ပို၍ပင် မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ငလျင်ဗဟိုချက်အနီး တူရကီနိုင်ငံ Kahramanmaras ပြည်နယ်တွင် ယာယီတဲ (၃၀,၀၀၀) ကျော် တပ်ဆင်ထားပြီး လူ (၄၈,၀၀၀) ကို စာသင်ကျောင်းများတွင် နေရာချထားပေးပြီး နောက်ထပ် လူ (၁၁,၅၀၀) မှာ အားကစားခန်းမများတွင် နေထိုင်လျက်ရှိကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu က ဖေဖေါ်ဝါရီလ (၁၂) ရက် နှောင်းပိုင်းတွင် ပြောသည်။ 

၎င်း၏အဆိုအရ ရာနှင့်ချီသည့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေဆဲဖြစ်သော်လည်း ပြည်နယ်၏ နေရာဒေသ (၇) ခုတွင်မူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

Source: AFP

Photo: REUTERS/Umit Bektas, White Helmets/Handout via REUTERS, REUTERS/Issam Abdallah,  REUTERS/Sertac Kayar,