တာချီလိတ်မြို့တွင်း လမ်းဧရိယာများနှင့် လူသွားပလက်ဖောင်းများပေါ်တွင် ကျူးကျော်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင်နှင့်တဲများ၊ ကွမ်းယာဆိုင်များ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း စည်ပင်က အသိပေး

တာချီလိတ်မြို့တွင်း လမ်းဧရိယာများနှင့် လူသွားပလက်ဖောင်းများပေါ်တွင် ကျူးကျော်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင်နှင့်တဲများ၊ ကွမ်းယာဆိုင်များ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း စည်ပင်က အသိပေး
ဒီဇင်ဘာ 23, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်း လမ်းဧရိယာများနှင့် လူသွားပလက်ဖောင်းများပေါ်တွင် ကျူးကျော်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင်များ နှင့် အခိုင်အမာတည်ဆောက်ထားသည့် တဲများ ၊ အမိုးအဖီများကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထားကာ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက စာထုတ်ပြီး သတိပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း လမ်းဘေးမှာတော့ အရင်တုန်းကလည်း ရှင်းတာပဲ။ တစ်ချို့နေရာတွေ ချန်ခဲ့တယ်။ ဥပမာ ဆိုရင် စည်ပင်ရုံး နဲ့ နီးနီးလေး မူးယစ်ရုံးအရှေ့ရဲ့ လက်ဖက်ရည်ဆိုင်ရှေ့က လူသွားပလက်ဖောင်းပေါ်က မင်္ဂလာပါ ဆိုင်းဘုတ်ဆိုရင် ပလက်ဖောင်းပေါ် ရောက်နေတယ်။ အဲ့ဒါကြတော့ မဖယ်ပဲ နေရာကွက်ကျား ဖယ်တယ်။ နောက်ပြီး တလောတုန်းက မယ်ခေါင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့က ပြည်သူပိုင်လမ်းမကြီးကို  (၂၄)နာရီ ပိတ်ထားချိန်တုန်းကတော့ ဘာအသံမှ မထွက်ဘဲ ခုကြမှ အသံလာထွက်နေတယ်။ ဘာပဲဖြစ်ဖြစ် အားလုံး သာတူညီမျှ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူဘက်ကလည်း လိုက်နာဖို့ ဝံ့မလေးပါဘူး

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင်း လမ်းဧရိယာများ နှင့် လူသွားပလက်ဖောင်းများပေါ်သို့ ကျူးကျော်ရောင်းချနေလျက်ရှိသည့် လမ်းဘေးဈေးဆိုင်များ၊ လမ်းဘေးတွင် အခိုင်အမာ တည်ဆောက်ထားသည့် တဲများ၊ ကွမ်းယာဆိုင်များ၊ အမိုးအဖီများကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထားရှင်းလင်း ဖယ်ရှားပေးရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဌာနက ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။