ရုရှားအပေါ် ကူညီထောက်ပံ့မှုနှင့် ပတ်သက်၍ အမေရိကန်က သတိပေးလိုက်ပြီးနောက် ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က အသံထွက်လာ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning [ PHOTO: THOMAS PETER/REUTERS ]
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning [ PHOTO: THOMAS PETER/REUTERS ]
ရုရှားအပေါ် ကူညီထောက်ပံ့မှုနှင့် ပတ်သက်၍ အမေရိကန်က သတိပေးလိုက်ပြီးနောက် ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က အသံထွက်လာ
By Mr John

 ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ၎င်း၏မဟာမိတ် ရုရှားအတွက် တရုတ်နိုင်ငံက လက်နက်များထောက်ပံ့ရန် စဥ်းစားနေနိုင်ကြောင်း အမေရိကန်နိုင်ငံ၏ သတိပေးမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်က ၎င်းတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းစွာဖြေရှင်းရေးကို ရှာဖွေနေကြောင်း ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် ပြောလာခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီမှာပင် တရုတ်က ရုရှားနှင့် ကန့်သတ်ချက်မထားသည့် မဟာမိတ်ဖြစ်ကြောင်း ကြေညာခဲ့သလို ရုရှားကျူးကျော်စစ်ကို ပြစ်တင်ရှုတ်ချရန်လည်း တရုတ်က ငြင်းဆန်ခဲ့သေးသည်။ 

"အဓိကကျတာက ငြိမ်ချမ်းရေးနဲ့ ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရေး အားပေးဖို့အတွက် တောင်းဆိုဖို့ပါ" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ယူကရိန်းအစိုးရ အပါအဝင် ယခု စစ်ပွဲအကျပ်အတည်းတွင် သက်ဆိုင်သူများ အားလုံးနှင့် အဆက်အသွယ်မပြတ် ရှိနေကြောင်းနှင့် ၎င်း၏ရပ်တည်ချက်မှာ ရှင်းလင်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင်မူ တရုတ်က အပစ်အခတ်ရပ်စဲရေးနှင့် နှစ်ဘက်လုံးက တင်းမာမှု တဖြည်းဖြည်းလျှော့ချရန် တောင်းဆိုထားသည့် အချက် (၁၂) ချက်ပါ အစီအစဥ်ကို အဆိုပြု ထုတ်ပြန်ခဲ့သည်။

နျူကလီးယားလက်နက်များ အသုံးပြုမှုကို ရှောင်ရမည်ဟုလည်း တရုတ်က ပြောခဲ့သည်။ 

တရုတ်က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေး ၎င်း၏ အချက် (၁၂) ချက်ပါ အစီအစဥ်ကို အဆိုပြုခဲ့သော်လည်း စစ်ပွဲအရှိန်လျော့ကျသွားမည့် အရိပ်လက္ခဏာ မတွေ့ရသေးဘဲ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက် ညပိုင်းက ရုရှား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ယူကရိန်းအနောက်ပိုင်း Khmelnitskyi မြို့တွင် လူတစ်ဦး သေဆုံးခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။ 

ကိဗ်မြို့တော်နှင့် အခြား မြို့များတွင်လည်း လေကြောင်းရန် အချက်ပေးဥဩသံများ ထွက်ပေါ်နေခဲ့သည်။

ရုရှားကျူးကျော်မှုကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ  ဆုံးဖြတ်ချက်ကို ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့က မဲခွဲခဲ့ရာတွင် မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံ (၁၄၁) နိုင်ငံက တခဲနက် ထောက်ခံမဲပေးခဲ့ကြသော်လည်း တရုတ်နိုင်ငံကမူ မဲမပေးခဲ့ကြောင်း သိရသည်။ 

ရုရှားကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ (၃၂) နိုင်ငံက မဲမပေးခဲ့ကြဘဲ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ မာလီ၊ နီကာရာဂူးနှင့် ဆီးရီးယားတို့ကမူ ရုရှားဘက်မှရပ်တည်၍ ကန့်ကွက်မဲပေးခဲ့ကြသည်။

Source: Reuters