ဒီးမော့ဆို စစ်ရှောင်စခန်းများကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်၍ စစ်ရှောင် ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်၊ Karenni Nationalities Defence Force - KNDF/ B-04
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်၊ Karenni Nationalities Defence Force - KNDF/ B-04
ဒီးမော့ဆို စစ်ရှောင်စခန်းများကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်၍ စစ်ရှောင် ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ
ဖေဖော်ဝါရီ 28, 2023 | 2021 Military Coup| နိုင်ငံရေး| ကယား
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် အာဏာသိမ်း စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၂၇ ရက်နေ့တွင် တိုက်ပွဲမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းများပေါ် လက်နက်ကြီးကျကာ စစ်ရှောင် (၂)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသွားသည်။

တိုက်ပွဲမရှိသည့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်ရှောင်စခန်းတစ်ခုမှ မိသားစုတစ်စုတွင် (၂)နှစ်ခွဲအရွယ်ကလေး၏မိခင် သေဆုံးကာ ဖခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာရပြီး အဖွားဖြစ်သူမှာ နှလုံးရောဂါပြန်ဖေါက်သွားကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ စစ်ရှောင်စခန်းမှ အခြားအမျိုးသမီး (၁)ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရသွားကြောင်း သိရသည်။

ဒီးမော့ဆိုမြို့ရှိ အခြားစစ်ရှောင်စခန်းတစ်ခုတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်မှုကြောင့် အသက် (၇၀)အရွယ် အဘိုးအို (၁)ဦးသေဆုံးကာ  (၂)ဦးဒဏ်ရာရသွားသည်ဟု သိရသည်။

ယင်းနေ့တွင်ပင်  ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့တို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများဘက်ကို လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ဖရူဆိုမြို့နယ်တွင် နေအိမ် (၁)လုံး ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် နေအိမ် (၃) လုံးပျက်စီးခဲ့ရသည့်အပြင် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။