ရှားတောမြို့ကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာ စစ်ကောင်စီတပ်၏ ဗျူဟာမှူးအပါအဝင် (  ၄၀ )ကျော်ကို လက်နက်များနှင့်အတူ ဖမ်းမိ

ရှားတောမြို့ကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာ စစ်ကောင်စီတပ်၏ ဗျူဟာမှူးအပါအဝင် (  ၄၀ )ကျော်ကို လက်နက်များနှင့်အတူ ဖမ်းမိ
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ရှားတောမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်(၁၅၀)ကျော်နှင့် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား(၄၀)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ရှားတောမြို့ကို  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်များဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော်(KA) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"စစ်ကောင်စီတပ်ဆီက‌နေ လက်နက်မျိုးစုံ(၁၅၀)ရရှိတယ်။  စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းဆီးရမိတယ်။ ရှားတောမြို့ကို သိမ်းတဲ့ တိုက်ပွဲမှာ ဗျူဟာမှူးကိုလည်း ဒဏ်ရာနဲ့ အရှင် ဖမ်းဆီးရမိထားပါတယ်။"ဟု စစ်ရသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

အသေးစိတ်အချက်အလက်ကိုမူ သက်ဆိုင်ရာတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။