ထိုင်းနိုင်ငံတွင် ကိုရီးယားနှင့်တူရန် ခွဲစိတ်ပြုပြင်ပြီး ရှောင်တိမ်းနေခဲ့သည့် မူးယစ်ဆေးဝါးဖြန့်ဖြူးသူကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် ကိုရီးယားနှင့်တူရန် ခွဲစိတ်ပြုပြင်ပြီး ရှောင်တိမ်းနေခဲ့သည့် မူးယစ်ဆေးဝါးဖြန့်ဖြူးသူကို ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 25, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် ကိုရီးယားနှင့်တူရန် ခွဲစိတ်ပြုပြင်ပြီး (၃) လကြာ ရှောင်တိမ်းနေခဲ့သည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ 

အသက် (၂၅) နှစ်အရွယ် ထိုင်းအမျိုးသား Saharat Sawangjaeng က ကိုယ့်ကိုယ်ကိုယ် တောင်ကိုရီးယားတစ်ဦးအသွင် ပြင်ဆင်ပြီး Jimin Seong အမည်ဖြင့် သွားလာနေထိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းကို ဘန်ကောက်မြို့ Bang Na ခရိုင်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့ Metropolitan Policec Bureau (MPB) ၏ စုံစမ်းစစ်ဆေးရေးဌာနခွဲ အကြီးအကဲ ရဲဗိုလ်ချုပ် Teeradej Thumsutee က ပြောသည်။ 

Saharat က ၂၀၂၂ ခုနှစ်တွင် ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးမှုမှ လွတ်မြောက်ခဲ့ပြီး ရှောင်တိမ်းနေနိုင်သူ ဖြစ်သည်။

သို့သော် ဘန်ကောက်မြို့တွင် အခြား မူးယစ်ဆေးဝါးရောင်းချသူများနှင့် ဝယ်ယူသူများထံသို့ အက်စတာစီ (ecstasy) ဟု လူသိများကြသည့် methylenedioxymethamphetamine (MDMA) ဖြန့်ဖြူးနေမှုကို စိစစ်လေ့လာမှုအရ ရဲတပ်ဖွဲ့က Saharat ကို ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 

အက်စတာစီ (MDMA) မူးယစ်ဆေးဝါးများကို ဆွဲဆောင်မှုရှိသည့် တောင်ကိုရီးယား အမျိုးသားတစ်ဦးထံမှ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့က ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းကို ဖမ်းဆီးခဲ့ပြီးနောက် Saharat က အက်စတာစီ (MDMA) မူးယစ်ဆေးဝါးကို မည်သူဖြစ်ကြောင်း မသိနိုင် သို့မဟုတ် ခြေရာခံ၍ မရနိုင်သော dark web ခေါ် အင်တာနက်ဝက်ဘ်ဆိုက်မှတစ်ဆင့် မှာကြားပြီး ငွေပေးချေရန်အတွက် cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုကြောင်း ဝန်ခံထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ပြောသည်။

Saharat ကို လက်ရောက်ကျူးလွန်မှုဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့စဥ်က ၎င်းနှင့်အတူ အရည်အဖြစ် ပြုလုပ်ထားသည့် မူးယစ်ဆေးဝါး (၂) ကီလိုဂရမ်နှင့် အက်စတာစီ (MDMA) ဆေးပြား (၂၉၀) ကို သိမ်းဆည်းရမိခဲ့သည်။ 

သို့သော် Saharat မှာ ထိုအချိန်က ထိန်းသိမ်းခံရမှုမှ လွတ်မြောက်နိုင်ခဲ့ပြီး ၎င်း၏ ရုပ်ရည်သွင်ပြင် သိသိသာသာ ပြောင်းလဲသွားကာ တောင်ကိုရီးယား အမျိုးသားတစ်ဦးနှင့်တူစေရန် ခွဲစိတ်ပြုပြင်မှုများလုပ်ခဲ့သည်။

ထိုသို့ ခွဲစိတ်ပြုပြင်ပြီးနောက် Saharat က ကိုရီးယားအသွင်အပြင်ဖြင့် ရဲတပ်ဖွဲ့၏လက်မှ (၃) လကြာ ရှောင်တိမ်းလွတ်မြောက်နေနိုင်ခဲ့သည်။ 

သို့သော် မူးယစ်ဆေးဝါးကို သယ်ဆောင်သူတစ်ဦးက Saharat ၏ လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ရာမှ ၎င်း၏ တည်နေရာကို ခြေရာခံနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများက ရှင်းပြသည်။

မူးယစ်ဆေးဝါးဖြန့်ဖြူးသူအဖြစ် သံသယရှိသူ Saharat က ၎င်း၏ဘဝကို တောင်ကိုရီးယားတစ်ဦးအဖြစ် ပြန်လည်စတင်ရန် ရည်ရွယ်ခဲ့သော်လည်း တောင်ကိုရီးယားဘာသာစကား မပြောနိုင်ခဲ့ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ 

ရဲတပ်ဖွဲ့က ၎င်းကို မူးယစ်ဆေးဝါး တရားမဝင် တင်သွင်းမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

Source: Bangkok Post