ပါကစ္စတန်တွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုများကြောင့် လူ (၅၄၉) ဦး သေဆုံး

ပါကစ္စတန်တွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုများကြောင့် လူ (၅၄၉) ဦး သေဆုံး
By Mr John

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပုံမှန်မဟုတ်သည့် မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးမှုများအတွင်း အနည်းဆုံး လူ (၅၄၉) ဦး သေဆုံးခဲ့ကြောင်းနှင့် ဝေးလံပြီး ဆင်းရဲနွမ်းပါးသော အနောက်တောင်ပိုင်း Balochistan ပြည်နယ်မှာ အဆိုးဆုံး ကြုံတွေ့ရသည်နေရာများတွင် ပါဝင်ကြောင်း အစိုးရဌာနက ပြောသည်။

အစိုးရဌာနများနှင့် စစ်တပ်က ရေဘေးသင့် နယ်မြေများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး မိသားစုများ ပြန်လည်နေရာချထားရေးနှင့် စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးကြောင်း သိရသည်။ 

ရေကြီးမှုများကြောင့် သေဆုံးမှုများအပြင် နေအိမ် ၄၆,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းလည်း ပါကစ္စတန်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က National Disaster Management Authority (NDMA) က ဩဂုတ်လ (၅) ရက်နေ့တွင် ပြောသည်။

"ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်" ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ရေကြီးမှုဖြစ်ပွားခဲ့သည့် နယ်မြေများသို့ သွားရောက်ကြည့်ရှုစဥ်အတွင်း ပြောခဲ့သည်။ 

သို့သော် Balochistan ပြည်နယ်အစိုးရကမူ နောက်ထပ် ရန်ပုံငွေများ လိုအပ်နေကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေက ကြီးမားလှပါတယ်" ဟု Balochistan ပြည်နယ်ဝန်ကြီးချုပ် Abdul Qudoos Bezenjo က ပြောသည်။ 

ရေဘေးသင့် ခရိုင်များအားလုံးတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး အချို့ခရိုင်များမှာ ကီလိုမီတာ (၇၀၀) ကျော်ရှိ လမ်းမများ ရေကြီးမှုအတွင်း ပျက်စီးခဲ့မှုကြောင့် ကျန်သည့်ပြည်နယ်အတွင်း နေရာများနှင့် သွားလာရေးပြတ်တောက်နေသည်။ 

၎င်း၏ပြည်နယ်အနေဖြင့် အစိုးရနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များထံမှ ကြီးမားသည့် အကူအညီ လိုအပ်နေကြောင်း Bezenjo က ပြောသည်။ 

ပါကစ္စတန်တွင် ပြီးခဲ့သည့် ဇူလိုင်လမှာ ဆယ်စုနှစ် (၃) ခုအတွင်း အစိုစွတ်ဆုံး ဖြစ်ခဲ့သည်။ 

ထိုလအတွင်း မိုးရွာသွန်းမှုမှာလည်း ပြီးခဲ့သည့် နှစ် (၃၀) အတွင်း ပျမ်းမျမိုးရွာသွန်းမှုထက် (၁၃၃) ရာခိုင်နှုန်း ပိုများခဲ့ကြောင်း NDMA က ပြောသည်။ 

ပါကစ္စတန်နှင့် နယ်နမိတ် ထိစပ်နေသည့် အီရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင်လည်း နှစ်စဥ် ပျမ်းမျှမိုးရေချိန်ထက် (၃၀၅) ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟု NDMA က ဆိုသည်။

#TachileikNewsAgency

Source: Reuters