ထိုင်းအောက်လွှတ်တော်ကို မတ်လအစောပိုင်းတွင် ဖျက်သိမ်းမည်ဟု ဝန်ကြီးချုပ်ပရာယွတ် အတည်ပြု

Photo: Reuters/Athit Perawongmetha
Photo: Reuters/Athit Perawongmetha
ထိုင်းအောက်လွှတ်တော်ကို မတ်လအစောပိုင်းတွင် ဖျက်သိမ်းမည်ဟု ဝန်ကြီးချုပ်ပရာယွတ် အတည်ပြု
ဖေဖော်ဝါရီ 22, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ၏ အောက်လွှတ်တော် (House of Representatives) ကို ၂၀၂၃ ခုနှစ် မတ်လအစောပိုင်းတွင် ဖျက်သိမ်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ၂၀၂၃ ခုနှစ် မေလ (၇) ရက်တွင် ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရအဖွဲ့ အစည်းအဝေးအပြီး ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုအစည်းအ‌ဝေးတွင် ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ရွေးကောက်ပွဲအချိန်ဇယားနှင့် လွှတ်တော်ဖျက်သိမ်းပြီးနောက် အိမ်စောင့်အစိုးရ အနေဖြင့် လုပ်ဆောင်နိုင်သည်များနှင့် လုပ်ဆောင်ခွင့်မရှိသည်များနှင့် ပတ်သက်၍ ဝန်ကြီးများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။ 

 အောက်လွှတ်တော်၏ (၄) နှစ်သက်တမ်းမှာ ၂၀၂၃ ခုနှစ် မတ်လ (၂၄) ရက်နေ့အထိ ဖြစ်သည်။

နောက်ပိုင်းတွင် သတင်းထောက်များက မတ်လအစောပိုင်း၌ လွှတ်တော်ဖျက်သိမ်းမည်လားဟု မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်းနှင့် ထိုအချိန်တွင်ဖြစ်ကြောင်း ပရာယွတ်က ပြောခဲ့သည်။ 

ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် မေလ (၇) ရက်နေ့တွင် အတိအကျ ကျင်းပမည်လားဟု မေးမြန်းရာတွင်မူ ဝန်ကြီးချုပ်ပရာယွတ်က တိုက်ရိုက် တုံ့ပြန်ဖြေကြားခြင်းမပြုဘဲ မဲဆန္ဒပေးမှုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲ ကော်မရှင်ပေါ်တွင် မူတည်သည်ဟု ဖြေကြားခဲ့သည်။

Source: Bangkok Post