ဟောင်ကောင်က ကမ္ဘာ့ ဈေးအကြီးဆုံး မြို့အဖြစ် (၃) နှစ်ဆက်တိုက် ရပ်တည်

ဟောင်ကောင်က ကမ္ဘာ့ ဈေးအကြီးဆုံး မြို့အဖြစ် (၃) နှစ်ဆက်တိုက် ရပ်တည်
By Mr John

ဟောင်ကောင်က နိုင်ငံစွန့်ခွာလာသူများနှင့် နိုင်ငံခြားသား အလုပ်သမားများအတွက် ကမ္ဘာ့နေထိုင်စရိတ်အကြီးဆုံးမြို့အဖြစ် (၃) နှစ်ဆက်တိုက် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

ဟောင်ကောင်၏ နေထိုင်စရိတ်ကြီးမြင့်မှုနှင့် တင်းကျပ်ပြင်းထန်သည့် ကိုရိုနာဗိုင်းရပ်စ် မူဝါဒများကြောင့် နိုင်ငံခြားသားအလုပ်သမားများက စင်ကာပူနှင့် ဒူဘိုင်းကို ပိုမိုရွေးချယ်လာကြသည်ဟု ဆိုသည်။

ECA International က ဇွန်လ (၇) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နေထိုင်စရိတ်စစ်တမ်းအရ ထိပ်ဆုံး (၅) မြို့တွင် ဟောင်ကောင်ပြီးနောက် နယူးယောခ့်၊ ဂျနီဗာ၊ လန်ဒန်နှင့် တိုကျိုတို့က အစဥ်လိုက် ရပ်တည်နေသည်။

၂၀၂၂ ခုနှစ်အတွက် စစ်တမ်း၏ ကမ္ဘာ့နေထိုင်စရိတ်အကြီးဆုံး ထိပ်ဆုံး (၁၀) မြို့အနက် ထက်ဝက်မှာ အာရှမြို့များ ဖြစ်ကြသည်။

ရှန်ဟိုင်းမြို့နှင့် ဂွမ်ဇူးမြို့တို့က တရုတ်ပြည်မကြီး၏ နေထိုင်စရိတ်အကြီးဆုံး မြို့များဖြစ်ပြီး ကမ္ဘာ့နေထိုင်စရိတ်အကြီးဆုံး မြို့စာရင်းတွင် နံပါတ် (၈) နှင့် (၉) အဖြစ် အသီးသီး ရပ်တည်နေကြသလို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နံပါတ် (၁၀) တွင် ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။

"ပြီးခဲ့တဲ့နှစ်အတွင်းက ဟောင်ကောင်မှာ အခြား ဒေသတွင်းနဲ့ ကမ္ဘာ့နေရာတွေမှာထက် ကမ္ဘာတဝန်း ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းရဲ့ သက်ရောက်မှုနည်းခဲ့ပေမဲ့ ကမ္ဘာမှာ ဈေးအကြီးဆုံးနေရာအဖြစ် ဆက်ရှိနေပါတယ်" ဟု ECA International ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Lee Quane က ပြောသည်။

ECA က နေ့စဥ် သုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အခြေခံပြီး ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့ပြီး ဟောင်ကောင်တွင် လောင်စာဆီ ကုန်ကျစရိတ်များကြောင့် မတ်လအထိ တစ်နှစ်အတွင်း ဈေးနှုန်းများ (၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

ထိုရာခိုင်နှုန်းမှာ ကမ္ဘာတဝန်း ဈေးနှုန်းများ မြင့်တက်မှု ပျမ်းမျှအားဖြင့် (၅.၈) ရာခိုင်နှုန်းထက် လျော့နည်းခဲ့သည်။

သို့သော် ဟောင်ကောင်ဒေါ်လာ ဆက်လက် အားကောင်းနေပြီး အခြား ငွေကြေးများ အားနည်းခဲ့ခြင်းက ဟောင်ကောင်၏ နေထိုင်စရိတ်ကို မြင့်တက်စေခဲ့သည်ဟု ဆိုသည်။

ဟောင်ကောင် Census and Statistics Department ၏ အချက်အလက်များအရ ဧပြီလအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ (၁.၆) ရာခိုင်နှုန်း ဖြစ်ခဲ့သည်။

ECA ၏ တစ်နှစ် (၂) ကြိမ် စစ်တမ်းက ၂၀၂၁ ခုနှစ် မတ်လနှင့် ၂၀၂၂ ခုနှစ် မတ်လတွင် ပြုစုထားသော အချက်အလက်များကို နှိုင်းယှဥ်ခဲ့ပြီး အစားအစာ၊ အိမ်သုံးပစ္စည်း၊ အပန်းဖြေပစ္စည်းနှင့် ဝန်ဆောင်မှု၊ အဝတ်အထည်၊ နေ့စဥ် ပုံမှန်အစားအစာ၊ အရက်နှင့် ဆေးလိပ် ကုန်ကျစရိတ်များ ပါဝင်သည်။

ထို့အတူ ငှားရမ်းနေထိုင်မှု၊ အသုံးအဆောင်နှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တို့ကိုလည်း ထည့်သွင်းနှိုင်းယှဥ်ထားကြောင်း သိရသည်။

ငှားရမ်းစရိတ်များမှာ အထူးသဖြင့် စင်ကာပူတွင်လည်း မြင့်တက်လာခဲ့ကြောင်း Lee Quane က ဆိုသည်။

စင်ကာပူတွင် ရွှေ့ပြောင်းနေထိုင်သူ သို့မဟုတ် စင်ကာပူသို့ပြန်လာသူ အရေအတွက်များလာခြင်းကြောင့် ငှားရမ်းစရိတ် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ဟောင်ကောင်၏ ဒေသတွင်း ပြိုင်ဘက်ဖြစ်သည့် စင်ကာပူမှာ အသုံးအဆောင်များနှင့် ဓာတ်ဆီကဲ့သို့အရာများ ဈေးနှုန်းမြင့်တက်လာသော်လည်း ECA ၏ ကမ္ဘာ့နေထိုင်စရိတ်အကြီးဆုံး မြို့များစာရင်းတွင် နံပါတ် (၁၃) အဖြစ် ရပ်တည်ခဲ့သည်။

ECA စစ်တမ်းကို ၂၀၀၅ ခုနှစ်မှစပြီး နှစ်စဥ် မတ်လနှင့် စက်တင်ဘာလတို့ ပြုစုလေ့ရှိကြောင်း သိရသည်။

Source: Southern China Morning Post, CNN