ထိုင်းနိုင်ငံတွင် လာမည့်ရက်များအတွင်း အလွန်ပူပြင်းမည်ဖြစ်ပြီး နွေရာသီမုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထား

ထိုင်းနိုင်ငံတွင် လာမည့်ရက်များအတွင်း အလွန်ပူပြင်းမည်ဖြစ်ပြီး နွေရာသီမုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထား
By Mr John

 ထိုင်းနိုင်ငံတွင် လာမည့်ရက်များအတွင်း အလွန်အမင်း ပူပြင်းလိမ့်မည်ဟု အစိုးရက သတိပေးချက် ထုတ်ပြန်ထားပြီး အပူဒဏ်ကြောင့် သတိလစ်မှု အန္တရာယ်ရှိနိုင်သောကြောင့် အများပြည်သူ အနေဖြင့် နေအိမ်နှင့် အဆောက်အအုံ အပြင်ဘက်တွင် မနေကြရန် အကြံပြုထားသည်။ 

ထိုင်း - မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် အပူဖိအားနည်း အခြေအနေ ဖြစ်ပေါ်နေကြောင်း မိုးလေဝသဌာန၏ ၂၀၂၄ ခုနှစ် ဧပြီလ (၆) ရက်နေ့ နေ့စဥ် မိုးလေဝသခန့်မှန်းချက်က ပြောထားသည်။

ထိုအခြေအနေကြောင့် လာမည့်ရက်များအတွင်း နိုင်ငံတဝန်း ပူပြင်းခြင်းကနေ  အလွန်ပူပြင်းသော ရာသီဥတုနှင့် လေထုထဲတွင် အမှုန်အမွှားများ ပျံ့လွင့်နေမှုတို့ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

၂၀၂၄ ခုနှစ် ဧပြီလ (၈) ရက်မှ (၁၁) အထိ တရုတ်ဘက်မှ လေဖိအား မြင့်မားမှုကာ ထိုင်းနိုင်ငံ အထက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်အထိ ရောက်ရှိလာမည်ဟု ဆိုသည်။

ထိုစဥ် အရှေ့နှင့် အရှေ့တောင်ဘက်မှ တိုက်ခတ်လာသော လေများက တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့မှ ရေငွေ့ (အစိုဓာတ်) ကို ထိုင်းနိုင်ငံ အထက်ပိုင်းသို့ သယ်ဆောင်လာမည်ဖြစ်ပြီး အဆိုပါ ဒေသတွင် ပူပြင်းခြင်းကနေ အလွန်ပူပြင်းသော ရာသီဥတု ဖြစ်ပေါ်မည်ဟု မိုးလေဝသဌာနက ပြောသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသက်မုန်တိုင်းများ၊ လေပြင်းတိုက်ခတ်မှုများနှင့် မိုးသီးကြွေမှုများနှင့်အတူ နွေရာသီမုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ ကနဦးအဆင့် သက်ရောက်မှု ရှိနေကြောင်းနှင့် နေရာအချို့တွင် မိုးကြိုးပစ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

အခြား နေရာဒေသများ၌ နောက်တစ်ဆင့်တွင် သက်ရောက်မှုရှိလိမ့်မည်ဟု ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတလျှောက် ပြည်နယ် (၆၀) ခုနှင့် ဘန်ကောက်တွင် ၂၀၂၄ ခုနှစ် ဧပြီလ (၈) ရက်မှ (၁၁) ရက်အထိ နွေရာသီမုန်တိုင်း သက်ရောက်မှုရှိနိုင်ကြောင်း ဘေးအန္တရာယ် တားဆီးရေးနှင့် လျှော့ချရေးဌာန Department of Disaster Prevention and Mitigation (DDPM) က သတိပေးချက် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

ထိုအတောအတွင်း ထိုင်းအစိုးရ ဒုတိယ ပြောခွင့်ရအမျိုးသမီးက နွေရာသီ ရောက်ပြီဖြစ်ပြီး နေရာဒေသ အများအပြားတွင် အပူချိန်များ မြင့်တက်နေကြောင်းနှင့် နေရာဒေသအချို့တွင် အပူချိန်မှာ (၄၄.၅) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း ပြောခဲ့သည်။

 ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ပြည်သူများ  သတိလစ်မှု  အန္တရာယ်ရှိမှုနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်းနှင့် နေပူထဲတွင် အချိန်ကြာရှည် မနေကြရန် သတိပေးထားကြောင်း ၎င်းက ဆိုသည်။

ဆက်စပ် သတင်းတစ်ရပ်အရ သင်္ကြန်ပွဲတော် (Songkran) ပြီးသွားသည့်တိုင် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း ဒေသတစ်ခုလုံး မေလအထိ အပူချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း၊ ထို့အတူ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း ပြည်နယ်များတွင်လည်း ထိုကာလအတွင်း အပူချိန်များ မြင့်တက်လိမ့်မည်ဟု Rangsit တက္ကသိုလ်ရှိ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး တွဲဖက်ပါမောက္ခ Seree Supratid က ၂၀၂၄ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် ၎င်း၏ Facebook ပို့စ်၌ သတိပေးထားကြောင်း သိရသည်။

 

Source: Bangkok Post, The Thaiger