ဆင်းကတ်များကို မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဟု စစ်ကောင်စီထုတ်ပြန်

ဆင်းကတ်များကို မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဟု စစ်ကောင်စီထုတ်ပြန်
စက်တင်ဘာ 26, 2023 | 2021 Military Coup

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာသည်ဟုဆိုကာ ဆင်းကတ်များကို မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ထုတ်ပြန်လာသည်။

မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် တရားဝင် စာချုပ်ချုပ်ဆိုထားသည့် အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များသည် သုံးစွဲသူမှတ်ပုံတင်ခြင်း(Customer Registration)ဆိုင်ရာ  ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဟု ဆိုသည်။

ထို့သို့ရောင်းချမှုတွင် အသစ်ထုတ်ဝေရောင်းချမည့် ဆင်းကတ်ဖြစ်စေ၊ လက်ရှိဖြန့်ဝေထားသည့် ဆင်းကတ်ဖြစ်စေ အကျုံးဝင်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မည်သူမဆို မှတ်ပုံတင်ထားခြင်းမရှိသည့်၊ လိမ်လည်၍ မှတ်ပုံတင်ထားသည့်၊ သုံးစွဲသူမှတ်ပုံတင်ခြင်း(Customer Registration)ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များကို ရောင်းချခွင့်မပြုဟုလည်း ဆိုသည်။

သုံးစွဲသူမှတ်ပုံတင်ခြင်း(Customer Registration)ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ထားသည့် ဆင်းကတ်ကို တဆင့် လွှဲပြောင်းရာတွင် ရယူသုံးစွဲသူက ပြန်လည်မှတ်ပုံတင်ရမည်ဟုလည်း သိရသည်။

#TachileikNewsAgency